ရှင်သန်ခြင်းအိပ်မက်(၁) ဝန်ကြီးပဒေသရာဇာ၏ “ပုစဉ်းတောင်သံကြိုး”
အိပ်မက်တွေမက်ခဲ့ကြတယ် . . . ။
တစ်ချို့အိပ်မက်တွေက ဆပ်ပြာပူဖောင်းပမာ လွင့်စင်ပျောက်ပြယ်သွားတယ်။ တစ်ချို့အိပ်မက်တွေကတော့ သမိုင်းတွင်တဲ့အိပ်မက်တွေ ဖြစ်လာခဲ့တယ်။ ဒီလိုမက်ခဲ့တဲ့ အိပ်မက်တွေထဲမှာ အနုပညာနဲ့ပတ်သက်တဲ့ အိပ်မက်တွေပါဝင်ခဲ့တာပေါ့။ အနုပညာရှင်တွေ မက်ခဲ့တဲ့ အိပ်မက်တွေဟာ ဆပ်ပြာပူဖောင်းအသွင် ပျောက်ကွယ်မသွားဘဲ သမိုင်းတွင်ခဲ့ပါတယ်။
ဒုတိယအင်းဝခေတ်လို့ခေါ်တဲ့ ညောင်ရမ်းခေတ်မှာ ဝန်ကြီးပဒေသရာဇာဟာ မြန်မာ့ဂီတရဲ့ အဦးအစလို့ ပြောလို့ရတဲ့ “တံ၊ တျာ၊ တေ၊ ရှင်” အစချီ “ပုစဉ်းတောင်သံကြိုး” ဆိုတဲ့ အိပ်မက်ဦးကို စတင်မက်ခဲ့တယ်။
ဒီအိပ်မက်ဟာ မြန်မာဂီတရဲ့ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို စတင်ပန္နက်ချ တည်ဆောက်ခဲ့တဲ့ အိပ်မက်ပဲပေါ့။