
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၀၉:၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ကျင်းပသော အနုပညာအထက်တန်း ကျောင်း (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြ ပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းအား လှည့်လည်ကြည့်ရှုကာ သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ၁၉၅၂ ခုနှစ်မှစတင်၍ ပန်တျာကျောင်းနှင့် ပန်းချီပန်းပု ကျောင်းတို့အား ဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပန်တျာကျောင်းနှင့် ပန်းချီပန်းပု ကျောင်းတို့ကိုပူးပေါင်းကာ အနုပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ ပါကြောင်း၊
အနုပညာဘာသာရပ်အပြင် အခြေခံပညာအထက်တန်းကျောင်း ပညာရပ်များကိုပါ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ တွဲဖက်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ အနုပညာအထက် တန်းကျောင်း(ရန်ကုန်)မှ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှစပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းအဆင့်တွင်ဂုဏ်ထူးများနှင့်အောင်မြင်ခဲ့သူများအပါအဝင်အထက်တန်းအောင်မြင်ခဲ့သူများစွာပေါ်ထွန်းခဲ့ပါကြောင်း၊
ယနေ့ သင်တန်းဆင်းပွဲတွင် ပန်တျာဌာနမှ သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး၊ ပန်းချီ ပန်းပုဌာနမှ သင်တန်းသား၊ သင်တန်းသူ (၅) ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၉) ဦးတို့ သင်တန်းဆင်းကြမည် ဖြစ်ပါကြောင်း၊
၂
အနုပညာကျောင်းဆင်းမောင်မယ်များသည် မိမိတို့ရဲ့ မူလမူရင်းဖြစ်သော မြန်မာ့ရိုးရာကို အခြေခံသော အနုသုခုမပညာရပ်များကို ပိုင်နိုင်စွာ သင်ကြားတတ်မြောက်ကြရမှာ ဖြစ်သလို ခေတ်နဲ့လျော်ညီတဲ့ နည်းပညာပိုင်းဆိုင်ရာများကို ဆက်စပ်ပေါင်းစည်း ဆောင်ရွက်နိုင်ကြရန်နှင့် အခြေခံပညာအထက်တန်းအဆင့် စာပေပညာရပ်ကိုလည်းအားထုတ်ကြိုးပမ်းကြရန် တိုက်တွန်း လိုပါကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာ တတ်မြောက်ထားသူချင်းအတူတူ ကျောင်းသင် ပညာရေးကို အခြေခံသော နည်းပညာကျွမ်းကျင်သူက အခွင့်အလမ်းပိုသာမည်ဖြစ်ပါ ကြောင်း၊ ယနေ့ခေတ် ဌာနအတွင်းမှာသာမက ပြင်ပအဖွဲ့အစည်း လုပ်ငန်းကုမ္ပဏီ များတွင်လည်း အနုပညာ၏အရေးပါမှုကို ထည့်သွင်းအသုံးချနေပြီ ဖြစ်ပါကြောင်း၊ ထိုနည်းတူ ပန်းချီ ပန်းပုပညာရှင်များရဲ့ စျေးကွက်ဝင် ပန်းချီပြခန်းများ ပန်းပုလုပ်ငန်တို့သည် တဖြည်းဖြည်းနှင့် ပြည်ပပို့ကုန်လုပ်ငန်းအထိ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ပါကြောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်သွားကြမည်ဖြစ်သကဲ့သို့ ကျောင်းတော်ကြီးရဲ့ဂုဏ်၊ အနုပညာဦးစီးဌာနရဲ့ ဂုဏ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားအောင် မြှင့်တင်နိုင်သော သားကောင်း၊ သမီးကောင်းများ ဖြစ်ကြစေရန် တိုက်တွန်းလိုပါကြောင်း၊နိုင်ငံတော်က အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် တက်ရောက် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးငွေများကို သင်တန်းကာလစတင်သည်မှ ပြီးမြောက်ချိန်အထိ ပေးအပ်လျက်ရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကြိုးစားသင်ယူကြစေလိုပါကြောင်းနှင့် နိုင်ငံတော်ရဲ့ ဦးတည်ချက် ၁၂ ရပ် တွင်ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသော အချက်ကို အလေးနက်ထားကာ ကျရာတာဝန်၊ ရောက်ရာနေရာကနေ ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍ ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြ ပဒေသာကပွဲအား အားပေးကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။
Leave a Reply