နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေး တက်ရောက် နေပြည်တော် ဇူလိုင် ၆

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝင်ပညာရှင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကမိမိတို့နိုင်ငံ၏ ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ အစောဆုံးမြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သည့် ပျူမြို့ဟောင်း (၃) မြို့ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့ပြီး မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရေးအတွက် Nomination Dossier (Complete) ကို ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ထောင်ပေါင်းများစွာသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO သို့ ၂၀၂၀ ပြည့်နှစ်က တင်ပြခဲ့သော်လည်း ပြန်လည်ပြည့်စုံအောင်ရေးသွင်းရမည့် အချက်အလက်အချို့ လိုအပ်နေကြောင်း အကြောင်းကြားလာသည့်အတွက် ပြန်လည်ရေးသား လျက်ရှိပါကြောင်း။

မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်ကိုလည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် အဆိုပြုစာတွဲကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် UNESCO သို့ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပေါင်း (၂၂၈၉) ခုကိုလည်း မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်း (ပထမအကြိမ်) အဖြစ် ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၀ ဖြင့် သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ခေတ်နှင့်ညီအောင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း။

အများပြည်သူ အသိပညာ ဗဟုသုတပွားများစေရန်အတွက် အကြောင်းအရာစုံ၊ ကဏ္ဍစုံပြသနိုင်မည့် ပုဂ္ဂလိကပြတိုက်များ စနစ်တကျပေါ် ထွက်လာစေရန်နှင့် ပြတိုက်ပစ္စည်း များကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့်အတွက် မြန်မာနိုင်ငံပြတိုက်များ ဥပဒေကြမ်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးဥပဒေ (မူကြမ်း)တို့ကို အတည်ပြုပြဋ္ဌာန်း နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

အဆိုပါဥပဒေများကို ပြဋ္ဌာန်းခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေနှင့်အညီ ပိုမိုထိန်းသိမ်းစောင့်ရှောက်လာနိုင်ပြီး ပြည်သူတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဖော်ဆောင်လာနိုင်မည်ဖြစ်သလို ထုတ်ပြန်ခဲ့သည့်ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထုအကြား ချပြရှင်းလင်းအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် သွားရန်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များဖော်ထုတ် ထိန်းသိမ်းတိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရေး၊ နိုင်ငံတော်အတွင်းရှိ ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အပံ့ ဖြစ်စေရန် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုးအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့်ပြတိုက်များ ပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံအနှံ့အပြား ပုဂ္ဂလိကပြတိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရေး၊ မြန်မာနိုင်ငံပြတိုက်များ ဥပဒေကြမ်းအတည်ပြုပြဋ္ဌာန်းနိုင်ရေးတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကအမှာစာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ ဒြပ်ရှိဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌက တင်ပြလာသည့် အမှာစာများကို ဆက်လက်တင်ပြရန်ကိစ္စရပ်များနှင့် ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌကနိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းကြသလို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပိုမိုတိုးတက်မှတ်တမ်းတင်နိုင်ရေး၊ မိမိနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အခြားနိုင်ငံများက ပုံတူကူးယူခံရမှုမှကာကွယ်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို ကဏ္ဍအသီးသီးအလိုက် ဆက်လက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ဆောင်ရွက်ပြီးစီးခဲ့သည့် အောင်မြင်မှုအားလုံးကိုလည်း ဗဟိုကော်မတီအနေနှင့် အသိအမှတ်ပြုပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အမြန်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် မြန်မာနိုင်ငံရှိ ဒြပ်ရှိ/ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တိုင်းပြည်နှင့် လူမျိုးအတွက် ရှာဖွေဖော်ထုတ် သုတေသနပြုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် အားလုံးတက်ညီလက်ညီ စိတ်အား၊ လူအားရှိသမျှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.


*