
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပုဂံ ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် ဂေါပကရုံး၌ ကျင်းပသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သောပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) အစီအစဉ် ရေးဆွဲနိုင်ရေး ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌ၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်မည့် ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ Master Plan ရေးဆွဲရေး လုပ်ငန်းကော်မတီနှင့် အထောက်အကူ ပြုကော်မတီများလည်း ဖွဲ့စည်းပြီး အစည်းအဝေး(၄)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပခြင်း၊ ကဏ္ဍအလိုက် အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ကွင်းဆင်းလေ့လာခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဆွေးနွေးပွဲများမှ ရရှိလာသော ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အတိုင်းအတာတစ်ခုကို ရောက်ရှိနေပြီဖြစ်သည်ဟု သိရှိရပါကြောင်း၊ ထို့ပြင်နိုင်ငံတော်အကြီးအကဲက ရွှေစည်းခုံစေတီတော်ကို တင့်တယ်သပ္ပါယ်စွာ ဖူးမြော်ကြည်ညို သဒ္ဓါပွားနိုင်စေရန် စနစ်တကျ Master Plan ရေးဆွဲ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ကောင်စီ၊ မြန်မာသမိုင်းအဖွဲ့ စသည်တို့မှ ပညာရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ရွှေစည်းခုံစေတီတော် Master Plan (မူကြမ်း) ပေါ်ထွက်လာရေးအတွက် ယခု အစည်းအဝေးတွင် ဆွေးနွေးမှုများအရ ထပ်မံဖြည့်စွက်ရမည့်အချက်များ၊ ပြင်ဆင်ရမည့်အချက်များကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်းနှင့် ရေးဆွဲပြီးစီးပါက နိုင်ငံတော်အကြီးအကဲထံ အတည်ပြုချက် ရယူပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ဆက်စပ်ဌာနဆိုင်ရာ များက ရွှေစည်းခုံစေတီတော် Master Plan ကို အကောင်းဆုံး ဖြစ်အောင် ကူညီရေးဆွဲပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ရွှေစည်းခုံစေတီတော် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံ လွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်ချက်မရှိစေရန် ပူးပေါင်းပါဝင်ကြပ်မတ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥက္ကဋ္ဌက Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။ ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲလျက်ရှိသော အဖွဲ့များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသီးသီးဆွေးနွေး တင်ပြကြသည်။ ဆက်လက်၍ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အစည်းအဝေး တက်ရောက်လာကြသူများက အသီးသီဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်မှုမရှိအောင်၊ ရွှေစည်းခုံစေတီတော်ကြီး တင့်တယ်သပ္ပါယ်စွာ ဖူးမြော်ကြည်ညို သဒ္ဓါပွားနိုင်အောင် ဆောင်ရွက် နိုင်ရေး Master Plan တွင် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း Master Plan (မူကြမ်း) အပြီးရေးဆွဲရန် လိုကြောင်း၊ Master Plan အား အပြည့်စုံဆုံးနှင့် အကောင်းဆုံးဖြစ်စေရေး မူကြမ်းများ အဆင့်ဆင့်ပြုစု၍ သတ်မှတ်အချိန်တွင် ပြီးစီးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းပြီးနောက် ပထမ မဟာရံတံတိုင်း အတွင်းရှိ အရံစေတီများ၊ နှောင်းခေတ်လက်ရာစေတီများ၊ ဗိမာန်၊ တန်ဆောင်း၊ သာသနိက အဆောက်အအုံများ၊ မဟာရံတံတိုင်းအတွင်း၊ အပြင်နှင့် စေတီတော် ပရဝဏ်မြောက်ဘက်ရှိ ဧရာဝတီမြစ်ဆိပ်အနီး ဆင်းသည့် ရှေးဟောင်းအုတ် လှေကားတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် သရပါတံခါးအနီး ကျုံးကူးတံတား (Box Culvert) ပြုလုပ်မည့် အစီအစဉ်အား ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှုအမွေအနှစ်မြင်ကွင်းများ ထိခိုက်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရန် မှာကြားပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့အတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို နေ့လည်ပိုင်းတွင် ပုဂံမြို့၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘုရားစေတီအသီးသီးမှ ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူ ကြည်ညို လေ့လာနိုင်ရေးအတွက် ပြသထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပထမအဆင့် အနေဖြင့် ဘုရားစေတီ(၁၀)ဆူတို့အား Pagoda Digital Directory အဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ဘုရားစေတီ(၁၀)ဆူနှင့် ပတ်သက်၍ Online ရော Offline ပါ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်နယ်၊ တိုင်းဒေသကြီး (၁၄)ခုရှိ ထင်ရှားသော ဘုရားပုထိုးများကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ၎င်းလုပ်ငန်းကို အောင်မြင်စွာပြီးမြောက်နိုင်စေရန်အတွက် ဘုရားစေတီများ၏ အချက်အလက်များအား Pagoda Digital Directory တွင် ထည့်သွင်းနိုင်ရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ၁.၅.၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၌ လည်းကောင်း၊ ၁၂.၅.၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ လည်းကောင်း၊ ၂.၆.၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၌ လည်းကောင်း၊ ၉.၁.၂၀၂၅ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၌ လည်းကောင်း ရှင်းလင်းခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တန်ခိုးကြီးဘုရား စေတီအချို့တွင် Touch Screen များထားရှိ၍ ဘုရားသမိုင်းကြောင်း နှင့် ဘုရားနှင့်သက်ဆိုင်သော အချက်အလက်များအား ဓာတ်ပုံမှတ်တမ်း၊ Virtual Tour များ ဖန်တီး၍ ပြသထားရှိသည်ကို သိရှိပါကြောင်း၊ ဆက်လက်၍လည်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အချက်အလက်များ ကောက်ယူပြီးစီးသည့် ဘုရားစေတီများ၏ အချက်အလက်များနှင့် သမိုင်းကြောင်းများကို Pagoda Digital Directory တွင် ထည့်သွင်းသွားရမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြား ခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အထင်ကရဘုရားစေတီ (၁၇) ဆူတွင် ဘုရားသမိုင်းနှင့် လမ်းညွှန်များကို Touch Screen တွင် ထည့်သွင်း၍ ပြသထားရှိပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အထင်ကရဘုရား (၁၄) ဆူတွင် Touch Screen ဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ ထားရှိသွားရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် ဘုရားများ၏ အချက်အလက် များကိုလည်း Pagoda Digital Directory Portal ထဲတွင် ထည့်သွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်အေမီဉာဏ်ဝင်းက ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် Pagoda Digital Directory နှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ဂေါပကအဖွဲ့များက သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ၁၈:၀၀ နာရီ အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။