
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယ -ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများ၊ ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ် လမ်းညွှန်ချက်များအား ဆောင်ရွက်ထားရှိပြီးစီးမှုများကို ၁၂.၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် ဖိုးသူတော်ကန်အား ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြမှုများအပေါ် ရေဝင်ရောက်မှုနှင့် ရေကန်ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ အလေးထားဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြား ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းသည့် ရှေးဟောင်း အဆောက်အအုံအမှတ်(၇၅၂) ပြုပြင် ထိန်းသိမ်းမှုများကို ကြည့်ရှုစစ်ဆေးပြီး ဘုရားအတွင်းပိုင်းသို့ ငှက်များ မဝင်ရောက်အောင် ငှက်လုံ ဇကာများ တပ်ဆင်ရေး၊ ဘုရားရုပ်ပွားတော်များအား ရှေးမူ မပျက် ထိန်းသိမ်းရေးတို့ကို မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင် သန့်ရှင်းရေး ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းမည့် ဘုရား၊ ကျောင်း၊ သိမ်၊ ရေကန်၊ အုတ်တိုက်များတစ်စုတစ်စည်းတည်း ပုဂံခေတ်ဗုဒ္ဓတက္ကသိုလ်ဖြစ်သည့် ဆင်ဖြူရှင် Complex အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူက ပုဂံခေတ်နှောင်းပိုင်းကာလတွင် တည်ထားကိုးကွယ်ခဲ့သည့် ထေရဝါဒဗုဒ္ဓ တက္ကသိုလ်ဖြစ်သည့် ဆင်ဖြူရှင်အုတ်ကျောင်းတိုက် သမိုင်းကြောင်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Complex အတွင်းရှိ ဘုရား၊ သိမ်၊ ရေကန်နှင့် အုတ်ကျောင်းများကို ပြန်လည် ဖော်ထုတ် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ အချို့ပြုပြင်ထိန်းသိမ်းရမည့် လုပ်ငန်းများကို အမြန်ဆုံး စီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသေးစိတ် မှာကြားပါသည်။ ၎င်းနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဆင်ဖြူရှင် Complex သည် ဆေးလိပ်ငွေ့ ကင်းစင်သတ်မှတ် ထားသည့်နေရာ ဖြစ်ပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်လုပ်ငန်းကို ၂၀၁၅ ခုနှစ် မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမ (၅) နေရာမှ စတင်ပြီး (၁၀၂) နေရာတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ သတ်မှတ်ခဲ့ရာ ၂၀၂၃ ခုနှစ် ASEAN SMOKE FREE AWARD 2023 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ASEAN SMOKE FREE AWARD တတိယဆု နိုင်ငံကိုယ်စားပြု ရရှိခဲ့ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဆေးလိပ်ငွေ့ ကင်းစင်နေရာ (၁၀၂)နေရာ သတ်မှတ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ဆေးလိပ်ငွေ့ကင်းစင် လုပ်ငန်းကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်ဖြင့် မှာကြားပါသည်။
ဆက်လက်၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံပေါင်း (၃၈၃၇)ဆူရှိပြီး သန့်ရှင်းသာယာလှပရေးအတွက် ဧရိယာ (၁၁) ပိုင်း သတ်မှတ်၍ ဆောင်ရွက် လျက်ရှိရာ သန့်ရှင်းရေး ဧရိယာ- J တွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူက ဧရိယာ (၁၁)ပိုင်း ပိုင်း၍ သန့်ရှင်းရေးဆောင်ရွက်မှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှစတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သန့်ရှင်းရေးဆောင်ရွက်ပြီးခဲ့ပါကြောင်း၊ ဒုတိယအကြိမ် သန့်ရှင်းရေး ဆောင်ရွက်မှုကို (၉.၈.၂၀၂၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဧရိယာ C, E, D တို့အား (၁၁.၁၁.၂၀၂၄)ရက်နေ့တွင် ၁၀၀% ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဧရိယာ F တွင် ဆောင်ရွက် ပြီးစီးမှု ၈၈% ၊ ဧရိယာ A နှင့် B တွင် ဆောင်ရွက်ပြီးစီးမှု ၁၅% ဖြစ်ပြီး ကျန်ဧရိယာ များတွင်လည်း သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီးသည့် စေတီ၊ ပုထိုး၊ အုတ်ကျောင်းများမှာ (၁၂၁၃)ဆူ ဖြစ်ပါကြောင်း၊ ဧရိယာ C, E, I တို့တွင် ကန္တာရသစ်ငုတ်များ တူးထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ဧရိယာ C, E တို့တွင် ၁၀၀% ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ဧရိယာ I သည် ၅၅% ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ စုစုပေါင်း ငုတ်တူးထုတ်ရန် (၂၅၀၀၀)လျာထားပြီး တူးထုတ်ပြီးသည့် အရေအတွက်အနေဖြင့် (၂၂၇၀၀) ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုကြောင်း၊ သတ်မှတ်ထားသော ဧရိယာ လုပ်ကွက်များကို အချိန်ကာလ သတ်မှတ်၍ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြား ပါသည်။
၎င်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် အာမနာကန်နှင့် ရွှေထီးကန်တို့သို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူက ရေကန်များ ဆယ်ယူ ခဲ့သည့် လုပ်ငန်းစဉ်များအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေကန်များတွင် ရေအမြဲနေစေရန်၊ ရေကန်များ၏ ကြံ့ခိုင်မှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကန် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စောင့်ကြည့် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ပါ သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေမုဋ္ဌောဘုရား၊ ဖောင်တော်ဦးဘုရား၊ ရတနာမဉ္စူဘုရားတို့သို့ ကြည့်ရှုစစ်ဆေး၍ အဆိုပါဘုရားများရှိ အာရုံခံသစ်သားတန်ဆောင်းများ ပျက်စီးယိုယွင်းမှုများကို အမြင်တင့်တယ်မှုရှိအောင် သပ်သပ်ရပ်ရပ်ဖြင့် ပြင်ဆင်ထိန်းသိန်းမှုများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ မူလလက်ရာမပျက် အမြန်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။