
ရှေးယခင်ဘိုးဘွားဘီဘင်များလက်ထက်က ပြုလုပ်သုံးစွဲခဲ့ကြသည့် ဝတ္ထုပစ္စည်းများသည် နောင်အနာဂတ်မျိုးဆက်သစ်များအတွက် ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းရမည့် ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်ပါသည်။၎င်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်ပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုသမိုင်းကြောင်း ခိုင်မာပြည့်စုံစွာတည်ရှိခဲ့သည်နှင့်အတူ ယဉ်ကျေးမှု အမွေအနှစ်ရှေးဟောင်းဝတ္ထုပစ္စည်းများကို သမိုင်းမတင်မီကာလ ကျောက်ခေတ်မှသည် သမိုင်း ကြိုကာလ ကြေးခေတ်၊ သံခေတ်၊ သမိုင်းတင်ခေတ်၊ မျက်မှောက်ခေတ်တိုင်အောင် ခေတ် အဆက်ဆက် ဖန်တီးပြုလုပ်သုံးစွဲခဲ့ကြပါသည်။ ထိုပစ္စည်းများသည် နိုင်ငံ၏ ယဉ်ကျေးမှု တန်ဖိုးနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ဖော်ညွှန်းပြသနေသော ဝတ္ထုပစ္စည်းများပင် ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း အများအပြား တွေ့ရှိနိုင်ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာ များ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရသကဲ့သို့ ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိပါသည်။ ထိုသို့ မတော်တဆ တွေ့ရှိသည့်အခါ ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်သည်ကို မသိနားမလည်ကြသူများက တွေ့ရှိပစ္စည်း များသည် ရွှေထည်များ၊ ရွှေထည်ကဲ့သို့သော တန်ဖိုးရှိသောဝတ္ထုပစ္စည်းများဖြစ်လျှင် ချက်ချင်း ထုခွဲရောင်းချချင်လေ့ရှိကြပါသည်။ ထိုကဲ့သို့ မသိနားမလည်မှုကြောင့် လုပ်ဆောင်လိုက်မှု သည် ရှေးဟောင်းဝတ္ထုပစ္စည်းနှင့်သက်ဆိုင်သည့် ဥပဒေကို ချိုးဖောက်ကျူးလွန်မှုဖြစ်သည် ကိုလည်း သိရှိနားလည်သူ နည်းပါးပါသည်။ ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်း သို့မဟုတ် ရှေးဟောင်း ဝတ္ထုပစ္စည်းဟု ယူဆရသည့် မည်သည့်အရာဝတ္ထုပစ္စည်းကိုမဆို တွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတဆင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ သတင်း ပေးပို့ အကြောင်းကြားခြင်းသည် အကောင်းဆုံးသော ဆောင်ရွက်မှုပင်ဖြစ်ပါသည်။
သတင်းပေးပို့အကြောင်းကြားခြင်းအားဖြင့် တွေ့ရှိသူအတွက် အကျိုးကျေးဇူး အလွန်များ သည်ကိုလည်းတင်ပြလိုပါသည်။ မြန်မာနိုင်ငံရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများကို အဓွန့်ရှည် တည်တံ့စေရန်၊ ပျက်စီးယိုယွင်းပျောက်ဆုံးခြင်းများမှ ကာကွယ်နိုင်ရန်၊ အများပြည်သူများ ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကို နားလည်၍ တာဝန်သိစိတ်ဖြင့် ကာကွယ် ထိန်းသိမ်းနိုင်စေရန်အတွက်၂၀၁၅ ခုနှစ်တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ရှေးဟောင်း ဝတ္ထုပစ္စည်းအား တွေ့ရှိသတင်းပို့သူအတွက် ပထမဆုံးသောအကျိုးကျေးဇူးမှာ ဥပဒေအား ချိုးဖောက်ကျူးလွန်ခြင်းမရှိဘဲ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းကို ပေါ်လွင်စေပါသည်။ ဒုတိယ အချက်အနေဖြင့် တွေ့ရှိ၍ သတင်းပို့အကြောင်းကြားခဲ့သူအား နိုင်ငံတော်မှ ပြန်လည်ဂုဏ်ပြု သည့်အနေဖြင့် တွေ့ရှိသည့်ဝတ္ထုပစ္စည်း၏ ကာလပေါက်ဈေးအပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးများကိုပါ ထပ်ဆောင်းချီးမြှင့်သည့်အတွက်ကြောင့် မူလတန်ဖိုးထက် သုံးဆမျှသော ဆုကြေးငွေများကို ရရှိမည်ဖြစ်ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ နိုင်ငံတော်ကို အပ်နှံခြင်းနှင့်ပတ်သက်၍ အများပြည်သူများ နားလည်သဘောပေါက်စေရန်နှင့် အမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းလိုသော အသိစိတ် များပြန့်ပွားတိုးတက်လာစေရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပညာပေးခြင်း၊ အပ်နှံသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဂုဏ်ပြုချီးမြှင့်မှုများကို အများပြည်သူများသိရှိနိုင်စေရေး အသိပေးတင်ပြခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်မှုများကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုး ကြီးမားမှုကိုသိရှိပြီး တာဝန်သိစိတ်ဖြင့် လာရောက်အပ်နှံကြသည့် ပြည်သူများလည်းရှိပါသည်။
ရှေးဟောင်းဝတ္ထုစ္စည်းများကို တာဝန်သိစိတ်ရှိစွာဖြင့် လာရောက်အပ်နှံပါက လာရောက် အပ်နှံသူကိုသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရွှေ(၃၁၄၄)ခု၊ ငွေ(၈၃၃)ခု၊ ကြေး(၇၅၃) ခု၊ အခြား(၂၇၈၀၈)ခု စုစုပေါင်း (၃၂၅၃၈)ခုအတွက် ဆုကြေးငွေ ကျပ် ၅၆၈၄၃၀၀၈၅/- (ငါးထောင့် ခြောက်ရာ ရှစ်ဆယ့်လေးသိန်း သုံးသောင်း ရှစ်ဆယ့်ငါးကျပ်တိတိ/-)ထိ ဆုကြေးငွေများကို နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲဆောင်ရွက် နေမှုကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသည့်အချက်ကို အခွင့်ကောင်းယူ၍ ရှေးဟောင်းပစ္စည်းများကို တရားမဝင် ဝယ်ယူစုဆောင်းလျက်ရှိကြသည်ကိုလည်း တွေ့ရှိရ ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာတွင် ကျေးရွာလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်သော လုပ်သားများက လုပ်ငန်းဆောင်ရွက်ရာမှ မတော်တဆ တွေ့ရှိရသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမပြုဘဲ မူလလက်ရာပျက်စီးစေရန် အရည်ကျို၍ ထုခွဲရောင်းချခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအဆင့် အတန်းများကို ဖော်ညွှန်းပြသနေသော အမွေအနှစ်ပစ္စည်းများဖြစ်သဖြင့် တရားမဝင်ရောင်းဝယ် ဖောက်ကားမှုများကို တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းတားဆီး၍ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများအား မတော်တဆတွေ့ ရှိခဲ့လျှင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လာရောက်အပ်နှံပါက လွှဲပြောင်းအပ်နှံသူကို အကျိုးခံစားခွင့်ရှိသူအဖြစ်သတ်မှတ်၍ အပ်နှံသည့် ဝတ္ထုပစ္စည်း၏ မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးအပြင် ရှားပါး၍အနုလက်ရာ ပြောင်မြောက်သည့် ဝတ္ထုပစ္စည်းများဖြစ်ပါက ထပ်ဆောင်းတန်ဖိုးကိုပါ ထပ်တိုးတွက်ချက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို ၎င်းပစ္စည်း၏ ခေတ်ကာလအပေါ်မူတည်၍ ဆုကြေး အမြင့်ဆုံး ၁၀၀ % ထိ ချီးမြှင့်လျက်ရှိသကဲ့သို့ လက်ရာပြောင်မြောက်ကောင်းမွန်လျှင် လက်ရာကြေးအမြင့်ဆုံး ၁၀၀% ထိ ထပ်မံချီးမြှင့်ပေးလျက်ရှိပါသည်။ အပ်နှံသည့် ရွှေ၊ ငွေ ပစ္စည်းများကို လာရောက်အပ်နှံသည့်အချိန်ကာလတွင်ရှိသည့် ပေါက်ဈေးနှုန်းအတိုင်း ဆုကြေး တွက်ချက်ခြင်းဖြစ်ရာ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူသည် နေ့စဉ်ပေါက်ဈေးကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုးအပါအဝင် အများဆုံး ၃ ဆ အထိ ချီးမြှင့်ငွေရရှိမည်ဖြစ်ပါသည်။ လာရောက် အပ်နှံသည့်နေ့မှစတင်၍ ရက်သတ္တပတ်(၂) ပတ်မှ အများဆုံး (၄)ပတ်အတွင်း ဆုကြေးငွေ ချီးမြှင့် ပေးလျက်ရှိပါသည်။
သာဓကအနေဖြင့် ၂၀၀၅ ခုနှစ်က မိုင်းမောပျူမြို့ဟောင်းမှ ရွှေဖြင့်ပြုလုပ်ထားသည့် ပျူခေတ်ဘုရားဆင်းတုနှင့်စေတီငယ်များကို နွားကျောင်းသားတစ်ဦးက အမှတ်မထင်ရရှိခဲ့ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခဲ့သည့်အတွက် ၎င်းအား နေ့စဉ် ပေါက်ဈေးဖြင့်တွက်ချက်သော ပစ္စည်း၏မူလတန်ဖိုးအပြင် လက်ရာကြေးနှင့် ခေတ်ကာလ ကြေးပါ ထည့်သွင်းတွက်ချက်၍ သိန်း ၁၅၀ ကျော် ဆုချီးမြှင့်ပေးအပ်ခဲ့သည့် သာဓကလည်း ရှိခဲ့ပါသည်။ ၎င်းအပြင် ၂၀၁၈ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်ဖြူ ကျေးရွာ အနောက်ဘက် ပေ(၁၀၀၀)ခန့် အကွာရှိ ချောင်းကမ်းပါးပြိုကျရာမှတွေ့ရှိသော ပျူခေတ်လက်ရာ အနုပညာပြောင်မြောက်သော ရွှေအရည်အသွေး (၂၂)ကာရက်၊ အလေးချိန် (၁၇၉.၅)ဂရမ်ရှိသည့် ရွှေပုတီးစေ့(၁၃)စေ့နှင့် ရွှေကနုတ်ပုံလက်ရာပါရှိသည့် ဆွဲပြား(၁)ခု၊ စုစုပေါင်းရွှေထည်ပစ္စည်း(၁၄)ခုနှင့် ရတနာပုံခေတ်လက်ရာ ကြေးအလေး(၂)ခုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာသို့ တာဝန်သိစွာအပ်နှံခဲ့ခြင်းအတွက် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုး၊ ထပ်ဆောင်းတန်ဖိုးအပါအဝင် ဆုကြေးငွေကျပ် ၃၄၉၃၆၈၆၁/-(ကျပ် သုံးရာလေးဆယ့်ကိုးသိန်း သုံးသောင်း ခြောက်ထောင် ရှစ်ရာခြောက် ဆယ့်တစ်တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆ တွေ့ရှိခဲ့ပါက သတင်းပို့အကြောင်းကြား၍ နိုင်ငံတော်သို့အပ်နှံခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေအား မသိနားမလည်၍ ဖြစ်စေ၊ သိရှိနားလည်၍ဖြစ်စေ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ သယ်ယူခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို တူးဖော် ရှာဖွေခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အပ်နှံခြင်း မပြုဘဲ အရည်ကျိုခြင်း၊ ထုနှက်ပုံဖျက်ခြင်း စသည့် မူလပုံစံပျက်ယွင်းစေခြင်းများ ပြုလုပ်ပါက ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၈ အရ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရမည်ဖြစ်ပြီး ပစ္စည်းများကိုပါ နိုင်ငံတော်က သိမ်းဆည်းမည် ဖြစ်ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လာရောက်အပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်းများအနက် ခေတ်ကာလအသီးသီး နှင့် သက်ဆိုင်သောပစ္စည်းများကို အများပြည်သူများ လေ့လာနိုင်ရန်အတွက် အမျိုးသားပြတိုက် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်များတွင် ပြသထားရှိပါသည်။ သို့ပါ၍ အများပြည်သူများက ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုး ကြီးမားမှုကို နားလည်သိရှိပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေနှစ်များကို တန်ဖိုးထားကာကွယ် ထိန်းသိမ်းပေးရန်လိုအပ်ပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆတွေ့ရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အရည်ကျိုခြင်း၊ ထုနှက်ပုံဖျက်ခြင်း၊ မူလလက်ရာပုံစံဖျက်ဆီး ခြင်းများ မပြုလုပ်ရန်နှင့် တရားမဝင်ရောင်းဝယ်ခြင်းများမပြုလုပ်ပါရန် လိုအပ်ကြောင်း၊ တာဝန် သိသိဖြင့် နိုင်ငံတော်သို့အပ်နှံပါက ကာလပေါက်ဈေးထက် ပိုမိုများပြားသောဆုကြေးငွေများ ချီးမြှင့်ရရှိခြင်းနှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာပါ ချီးမြှင့်ပေးလျက်ရှိပါသည်။ ရှေးဟောင်းဝတ္ထု ပစ္စည်းများအား မတော်တဆတွေ့ရှိခဲ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ နိုင်ငံတော်သို့ အပ်နှံခြင်းဖြင့် မိမိတို့၏အမွေအနှစ်များ မပျောက်ပျက်အောင် ဆောင်ရွက်ရာလည်းရောက်သကဲ့သို့ မိမိနှင့် မိမိအသိုင်းအဝိုင်းတွင်ပါ ဂုဏ်သိက္ခာရှိသူများ ဖြစ်လာကြပါမည်။ မိမိတိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို အခြားသော တရားမဝင်နေရာများနှင့် မသမာသူများလက်မှတဆင့် နိုင်ငံပြင်ပသို့ရောက်ရှိမသွားရလေအောင် ပြည်သူများကလည်း ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

