သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၃)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြား ရန်ကုန်မြို့၊ ဇန်နဝါရီလ ၁၆

 မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၃)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ဒေါက်တာနုမြဇံနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တဦးပညိန္ဒနှင့် အဖွဲ့ဝင် ပညာရှင်ကြီးများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံက အဖွင့်အမှာစကား ပြောကြားရာတွင် ဒီကနေ့ကျင်းပပြုလုပ်သော အစည်းအဝေးပွဲတွင် မူမှန်ပြက္ခဒိန် ရေးဆွဲရေး၊ မဟာသင်္ကြန်စာရေးသား ပြုစုရေးတို့ကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်များရေးဆွဲရာတွင် ဝါကြီးထပ်၊ ဝါငယ်ထပ်စသည်ဖြင့် ဝါထပ်၊ ရက်ငင်ကိစ္စရပ်များကို အထူးအလေးထားပြီး ရေးဆွဲကြရမှာဖြစ်ကြောင်း၊ မြန်မာပြက္ခဒိန်ဟာ သာသနာ့ဝန်ကို ထမ်းဆောင်တော်မူကြတဲ့ ရဟန်း၊ သံဃာတော်များအတွက် ဝိနည်းတော်နှင့်အညီ ဝါဆို၊ ဝါကပ် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အရေးပါတဲ့ သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါကြောင်း။

          မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာရေးသားပြုစုရေး တို့ကိုလည်း ပညာရှင်ကြီးများအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း ဝိုင်းဝန်းကြိုးပမ်း ပြုစုရေးဆွဲနိုင်ရန်အတွက်လည်း ပန်ကြားလိုပါကြောင်းဖြင့် ထည့်သွင်းလျှောက်ထားတင်ပြခဲ့ပါ သည်။

ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ ဦးပညိန္ဒက အဖွင့်အမှာစကား မိန့်ကြားတော်မူပါသည်။ ထို့နောက် အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက (၇၃)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေးနှင့်စပ်လျဉ်း၍ လျှောက်ထားရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင်ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြခြင်း၊ ဥက္ကဋ္ဌဆရာတော်က လိုအပ်သည်များကို ပြန်လည်မိန့်ကြားခြင်းများကို ဆောင်ရွက် ခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံက နိဂုံးချုပ် အမှာစကား လျှောက်ထား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Loading