သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံ လွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့  တက်ရောက်၍ အမှာစကားပြောကြားရန်ကုန်မြို့  ဇန်နဝါရီလ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်တွင် ရှိသော မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံ (Steel Structure Skeleton Building)  အား တည်ဆောက်ခဲ့သော iGreen Construction Co., Ltd ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံယူသည့်အခမ်းအနားကို  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ကော်မတီဝင်(၆)၊ အနုပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ အဆောက်အအုံ လွှဲပြောင်းပေးမည့် iGreen Construction Co., Ltd မှ ဒါရိုက်တာ နှင့်အဖွဲ့ဝင်များ၊ မြန်မာအနုပညာဗဟိုဌာန အဆောက်အအုံ လက်ခံရေးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာအနုပညာဗဟိုဌာန ( Myanmar Art Center – Yangon ) အဆောက်အအုံ Steel Structure Skeleton Building လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ရပ်ကွက်မှာရှိသည့် မြေဧရိယာ ၈.၄၁ ဧက ပေါ်တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့် အနုပညာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနကို iGreen Construction Co., Ltd က ၂၈.၃.၂၀၁၆ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ စတင် တည်ဆောက်ခဲ့ရာ သဘောတူ စာချုပ်နှင့်အညီ ရေးဆွဲထားသည့် အဆောက်အအုံ ဒီဇိုင်းအတိုင်း သံမဏိဖြင့် ဖွဲ့စည်းတည်ဆောက်သော အဆောက်အအုံ (Steel Structure Skeleton Building) အား ၂၀၁၈ ခုနှစ် ၊ မတ်လ တွင် ၁၀၀ %  တည်ဆောက် ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း ၊ ယင်း အဆောက်အအုံအား iGreen Construction Co., Ltd ထံမှ လွှဲပြောင်း လက်ခံရယူနိုင်ရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၅  ဦးပါဝင်သော  မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center – Yangon) အဆောက်အအုံ (Steel Structure Skeleton Building) လက်ခံရေးအဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အဖွဲ့၏လုပ်ငန်းတာဝန်မှာ  နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာန အကောင်အထည်ဖော်ရေး ကော်မတီနှင့် iGreen Construction Co., Ltd  တို့အကြား မူလချုပ်ဆိုခဲ့သည့် စာချုပ်ပါအတိုင်း ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက် အအုံကို မြေပြင်အခြေအနေ အတိုင်းစနစ်တကျ လွှဲပြောင်းလက်ခံနိုင်ရေး ဆောင်ရွက်ရန်၊ iGreen Construction Co., Ltd က အဆောက်အအုံ ဆောက်လုပ်ခဲ့သည့် အခြေအနေ၊ သုံးစွဲခဲ့ သည့် ပစ္စည်းများနှင့် ဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို တောင်းခံရန်၊ iGreen Construction Co., Ltd က တည်ဆောက်ခဲ့သည့် Architecture Design နှင့် Structure Design တို့ကို လွှဲပြောင်း လက်ခံရယူရေးဆောင်ရွက်ရန်နှင့် လွှဲပြောင်းလက်ခံရရှိမှုကို မှတ်တမ်းတင်ပြီး လမ်းညွှန်မှုနှင့် အညီ ဆက်လက်ဆောင်ရွက်ရန်တို့ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့က အရည်အသွေးစံချိန်စံညွှန်း စိစစ်ရေးအဖွဲ့နှင့် သဘောတူစာချုပ်ပါ လုပ်ငန်းများစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဖော်ပြပါ စိစစ်ရေးအဖွဲ့များက တည်ဆောက်ပြီးစီးခဲ့သည့် အဆောက်အအုံနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ Steel Structure Skeleton Building သာ ပြီးစီးခဲ့သည့် မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြီးစီးအောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ကြွရောက်လာသည့် ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်မည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရပ်များအတွက် အဖိုးမဖြတ်နိုင်သည့် နိုင်ငံတကာအဆင့်မီအနုပညာ ဗဟိုဌာန ပေါ်ထွန်းနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာအနုပညာဗဟိုဌာန          (Myanmar Art Center – Yangon) အဆောက်အအုံနှင့်စပ်လျဉ်း၍ လည်းကောင်း ၊ iGreen Construction Co.Ltd မှ ဒါရိုက်တာက အဆောက်အအုံလွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ လည်း ကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် အစီအစဉ်အရ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center – Yangon) အဆောက်အအုံ (Steel Structure Skeleton Building) အား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက လွှဲပြောင်းလက်ခံသည့်မှတ်တမ်းစာအုပ်တွင် တာဝန်ရှိသူ များက လက်မှတ်ရေးထိုးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Loading