
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်၊ နေ့လယ် (၂)နာရီက တက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုနောက် ဘောလုံးပြိုင်ပွဲကို ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အမျိုးသားအသင်း ၅ သင်းနှင့် အမျိုးသမီးအသင်း ၂ သင်း တို့မှ အားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး ပွဲစဉ်(၁)တွင်ယှဉ်ပြိုင်သည့် ဂီတပညာဌာနအသင်းနှင့် ပန်းပုပညာဌာနအသင်း တို့၏ စတင်ယှဉ်ပြိုင်နေမှုကို အားပေးကြည့်ရှုခဲ့ကြပါသည်။ ဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။





