
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာမှာ ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan)အစီအစဉ်ရေးဆွဲနိုင်ရေး ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားဆွေးနွေးပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေစည်းခုံဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်မည့် ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲရေး ဦးဆောင်ကော်မတီ၊Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီနှင့်အထောက်အကူပြုကော်မတီများလည်း ဖွဲ့စည်းပြီး အစည်းအဝေး(၅)ကြိမ်ကျင်းပခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး ခြင်း၊ အထောက်အကူဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကျင်းပခြင်း၊ Zoom ဖြင့် Review Meeting များ ဆောင်ရွက်ခြင်း၊ ကဏ္ဍအလိုက်အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ ကွင်းဆင်းလေ့လာခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အစည်းအဝေးများမှ ရရှိလာသော ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် Master Plan မူကြမ်း စီစဉ်ထားရှိပြီး ဖြစ်ပါ ကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက ရွှေစည်းခုံစေတီတော်ကို တင့်တယ် သပ္ပါယ်စွာ ကြည်ညိုသဒ္ဓါပွားနိုင်စေရန် စနစ်တကျ Master Plan ရေးဆွဲဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသည့် ပညာရှင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ရွှေစည်းခုံစေတီတော် ကြီး၏ Master Plan ကို မူကြမ်းစီစဉ် ထားရှိမှုအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြပါရန်နှင့် လိုအပ်ချက်များ ထပ်မံဖြည့်စွက်ပြီး Master Plan ကို သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်း ပါကြောင်းနှင့် ရေးဆွဲပြီးစီးပါက နိုင်ငံတော်အကြီးအကဲထံ အတည်ပြုချက်ရယူပြီးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ဆက်စပ်ဌာနဆိုင်ရာ များက ရွှေစည်းခုံစေတီတော်ကြီးအတွက် Master Plan ကို အကောင်းဆုံးဖြစ်အောင် ကူညီရေးဆွဲပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်ချက်မရှိစေရန် ပူးပေါင်းပါဝင်ကြပ်မတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြပါသည်။ မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌ က Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုအခြေအနေကို တင်ပြပါသည်။ ဘက်စုံလွှမ်းခြုံသောလုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲရေး အဖွဲ့(၄)ဖွဲ့က လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေတို့ကို တင်ပြကြသည်။ ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသူများကMaster Plan တွင် ထည့်သွင်းရေးဆွဲ သင့်သည်များ၊ သတ်မှတ်ကာလအတွင်း Master Plan(မူကြမ်း) ပြီးစီးရန် ဆောင်ရွက်မည့် အစီအမံ များကို အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးအကြံပြုမှုများကို Master Plan (မူကြမ်း)တွင် သင့်လျော်သလို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ Master Plan ရေးဆွဲပြီးစီးပါက နိုင်ငံတော် အကြီးအကဲထံ အတည်ပြုချက်ရယူပြီး ရွှေစည်းခုံစေတီတော်ကြီး ရေရှည်တည်တံ့အောင် ပြုပြင် ထိန်းသိမ်းရေးနှင့် ရှေးဟောင်းအမွေအနှစ်များကိုပါ ဖော်ထုတ်ပြသရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Master Plan အား အပြည့်စုံဆုံးနှင့် အကောင်းဆုံးဖြစ်စေရေး မူကြမ်းများ အဆင့်ဆင့်ပြုစု၍ သတ်မှတ်အချိန်တွင် ပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးပါရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။