
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ခုနှစ် မတ်လ မတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် တပို့တွဲလပြည့် ( မြန်မာ့သနပ်ခါးနေ့) အထိမ်းအမှတ်အနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ တစ်လလုံး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများကို အမျိုးသားပြတိုက်(နေပြည်တော်)သို့ ဖိတ်ခေါ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ဆိုင်ရာများကို ပညာပေးဆောင်ရွက်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ကျောင်းသား ကျောင်းသူများကို မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ သနပ်ခါး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါကြောင်းနှင့် မြန်မာ့သနပ်ခါးသည် ကမ္ဘာတွင်ထူးခြားသည့် ဓလေ့တစ်ခုဖြစ်ကြောင်းတို့ကို ပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသားကျောင်းသူများသည် ကိုယ်တိုင် သနပ်ခါးသွေး၍ တစ်ဦးနှင့် တစ်ဦး ပျော်ရွှင်စွာလိမ်းခြယ်ခဲ့ကြပါသည်။
အမျိုးသားပြတိုက်(နေပြည်တော်)တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်အဖြစ် မြန်မာ့သနပ်ခါးဆိုင်ရာ ရှင်းလင်းချက်စာသားများ၊ ဗီဒီယို မှတ်တမ်းများကို ပြသခြင်း၊ သနပ်ခါးဆိုင်ရာ ကဗျာများကို ကျောင်းသားကျောင်းသူများအား ရွတ်ဆိုသရုပ်ပြခြင်း၊ သနပ်ခါးကို လက်တွေ့သွေး၍ ကိုယ်တိုင်လိမ်းခြယ်စေခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။