

၂၀၀၃ ယူနက်စကိုကွန်ဗင်းရှင်းအရ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူ့အဖွဲ့ အစည်းအုပ်စု၊ ပုဂ္ဂိုလ်တစ်ဉီးဉီးက ယင်းတို့၏ အမွေအနှစ်အဖြစ် လက်ခံထားကြသည့် အစဉ်အလာ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ ကိုယ်စားပြုမှုများ၊ စွမ်းရည်များနှင့် ဆက်စပ် ပေါင်းစည်းလျက်ရှိသော ကိရိယာတန်ဆာပလာများ၊ အရာဝတ္ထုများ၊ အသုံးအဆောင်များနှင့် ယဉ်ကျေးမှုနေရာများကို ဆိုလိုပါသည်။
မြန်မာနိုင်ငံသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရန်၊ အလေးထားတန်ဖိုးထားရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယူနက်စကို၏ ၂၀၀၃ ခုနှစ်၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ် (2003 Convention for the Safeguarding of the Intangible Cultural Heritage)ကို ၂၀၁၄ ခုနှစ်၊ မေလ(၇)ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ကို ပါရာဂွေး နိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဒီဇင်ဘာလ ၅ ရက်နေ့၌ မြန်မာနိုင်ငံ၏ ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်ပါသည်။
ယခုအခါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ “Practice of Thanakha Culture in Myanmar”အား ယူနက်စကို၏ (၂၀)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ အဆိုပြုစာတွဲအား ယူနက်စကိုသို့ တင်သွင်းရာတွင် လိုအပ်လျက်ရှိသော ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ နိုင်ငံတစ်ဝှမ်းရှိ အသင်းအဖွဲ့ အသီးသီးမှ သဘောတူညီကြောင်းစာ (Consent Letter) များ အချိန်မီရရှိနိုင်ရန်အတွက်လည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့နှင့်ပူးပေါင်း၍ ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ “Practice of Thanakha Culture in Myanmar”အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြို လှုပ်ရှားမှုအဖြစ် မြန်မာ့သနပ်ခါးကို လူမျိုးဘာသာမရွေး နှစ်ခြိုက်ခုံမင်စွာအသုံးပြုကြောင်း ပြသနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်ရှိ ပြတိုက်နှင့် စာကြည်တိုက်များ၊ အမျိုးသားပြတိုက် (ရန်ကုန်/ နေပြည်တော်) တို့တွင် သနပ်ခါးနှင့်ဆက်စပ်သော ကျောက်ပျဉ်၊ သနပ်ခါး၊ မှန်၊ သနပ်ခါးရေခွက်များထားရှိ၍ ပြတိုက်သို့လာရောက်ကြသည့် ဧည့်သည်များ ပျော်ရွှင်စွာအသုံးပြုနိုင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
သနပ်ခါးယဉ်ကျေးမှု ဆက်လက်ရှင်သန်စေရန်၊ အသုံးပြုမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်များက လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်၍ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကလည်း မြန်မာ့သနပ်ခါးနေ့ဟု သတ်မှတ်ထားသည့် တပို့တွဲလပြည့်နေ့တွင် ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်၌ သွေးချင်းစုံလင်၊ သနပ်ခါးပွဲတော်သဘင် (Together through Thanakha) ကို စီစဉ်ကျင်းပခဲ့ပြီး အဆိုပါပွဲတော်သို့ တိုင်းရင်းသားအသင်းအဖွဲ့များ၊ ရုပ်ရှင်ဂီတ သရုပ်ဆောင်များ၊ အနုပညာရှင်များ၊ ပြည်သူများ လာရောက်ဆင်နွှဲခဲ့ကြပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းခြင်းအတွက် သဘောတူညီကြောင်း လွတ်လပ်စွာ ဆန္ဒပြုလျက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ပြည်သူများအနေဖြင့်လည်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းခြင်းအား သဘောတူညီကြောင်းကို အောက်ဖော်ပြပါ Link များမှ တစ်ဆင့်ဝင်ရောက်၍ ဆန္ဒပြုနိုင်ပါကြောင်းနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။