မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သို့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) သို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း (၂၈၁) အုပ် ပေးအပ်လှူဒါန်းပွဲကို ၁၆-၂-၂၀၂၅ ရက်နေ့နံနက် ၁၀း၀၀ နာရီ တွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အဆိုပါ တက္ကသိုလ် စာကြည့်တိုက်၌ ကျင်းပခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ တက်ရောက်လက်ခံခဲ့ပါသည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံက “မြန်မာ့ယဉ်ကျေးမှု၊ အနုပညာ တိုးတက်ပြန့်ပွားရေးနှင့် ထူးချွန်သော အနုပညာရှင်များ ပေါ်ထွန်းရေးတို့အတွက် သုတေသနနှင့် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် စာပေအထောက်အထားများ စုဆောင်း ထိန်းသိမ်းရန်၊ စာဖတ်ခြင်းဖြင့် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော အနုပညာရှင် ကောင်းများ မွေးထုတ်ပေးရန်၊ ပညာရှာသူ တို့ဝိုင်းကူ  စသည့် ဆောင်ပုဒ်နှင့်အညီ စာပေဖြင့် ကူညီ ဖြည့်ဆည်းပေးခြင်း ဖြစ်ပါကြောင်း၊ အခုကဲ့သို့ လှူဒါန်းခဲ့သည့် စာအုပ်များသည် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)  စာကြည့်တိုက်တွင် အထူးစာစု (Special Collection) အဖြစ် စုဆောင်းထိန်းသိမ်းထားရှိပြီး ရုပ်ရှင်နှင့်ပြဇာတ် ပညာရပ်ကို တက်ရောက် သင်ကြား လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အင်မတန် အကျိုးများသော စာအုပ်များ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါစာအုပ်များသည် သင်ကြားရေးကို အထောက်အကူ ပြုခြင်းသာမက စာတမ်းများပြုစုရာတွင် အထောက်အကူရရှိခြင်း၊ ပညာဗဟုသုတလေ့လာဆည်းပူး နိုင်ခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိမှာဖြစ်ပါကြောင်း မုဒိတာစကားပြောကြားခဲ့ပါသည်။           ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက စာအုပ်လှူဒါန်းခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာအုပ်များပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ နှင့် ပါမောက္ခချုပ် ဒေါက်တာကေသီထွေး တို့က လက်ခံခဲ့ပါ သည်။ ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်နှင့်ပတ်သက်သော စာအုပ်များဖြစ်သော motion picture ဆိုင်ရာ (၇၃)အုပ်၊ Directing ပညာရပ်ဆိုင်ရာ (၆) အုပ်၊ Editing ဆိုင်ရာ (၃) အုပ်၊ Script writing ဆိုင်ရာ (၂) အုပ်၊ production ဆိုင်ရာ (၂) အုပ်၊ photography  ဆိုင်ရာ (၁၆)အုပ်၊ Biography ဆိုင်ရာ (၅၈) အုပ်၊ Encyclopedia နှင့် Dictionary  (၃) အုပ်၊ Film music (၁၁) အုပ်၊ Techniques (၄၄) အုပ်၊ Theatre (၂) အုပ်၊ shooting (၁) အုပ်၊ Censor (၁) အုပ်၊ Novel (၃၀) အုပ်၊ History (၂) အုပ်၊ General (၂၇) အုပ်၊ စုစုပေါင်း (၂၈၁)အုပ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

Loading