
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)အစီအစဉ်ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ဆောင်ရွက် သည့် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄) မြန်မာနိုင်ငံ” စီမံကိန်းအား ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သို့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့်အဖွဲ့၊ နံနက် ၁၀နာရီ ၄၀ မိနစ်တွင် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှ ပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီပညာဌာနမှ ဆရာ၊ဆရာမများ၊ ကျောင်းသားများ ရောက်ရှိလာရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များက လာရောက်ကြိုဆိုကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော်သို့ (၁၀:၀၀) နာရီအချိန် ရောက်ရှိ၍ စေတီတော်အား ဖူးမြော် ကြည်ညို ပြီးနောက် ဂေါပကရုံး၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သော ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသော အစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် ညောင်ဦး ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့တို့ တက်ရောက်ကြ ပါသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက (Master Plan) မူကြမ်းရေးဆွဲနိုင်ပြီးဖြစ်၍ လုပ်ငန်းလမ်းစဉ်အတိုင်း အမြန်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်နိုင်ရေး ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။
ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲညွှန်ကြားရေးမှူးက ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးတင်ပြပြီး နောက် အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် အသီးသီး ဖြည့်စွက် ဆွေးနွေး တင်ပြကြပါသည်။
အစည်းအဝေးပြီးနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် Master Plan ပါ ရွှေစည်းခုံစေတီတော် ရင်ပြင်တော်ပေါ်ရှိ သာသနိက အဆောက်အဦများ၏ လက်ရှိအခြေအနေကို အစည်းအဝေးတက်ရောက်သူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေစည်းခုံ စေတီတော် အရှေ့ဘက်စောင်းတန်းတစ်လျှောက်ရှိ ဈေးဆိုင်တန်းများ နေရာချထားမည့် လျာထား အစီအစဉ်ပါ နေရာများနှင့် ယာဉ်ရပ်နားရန် သတ်မှတ်မည့်နေရာ တို့ကိုပါ ကွင်းဆင်း ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့တွင် အကောင်အထည်ဖော် လျက်ရှိသော မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ် ၂၀၂၄ ဖြင့်ရောက်ရှိနေသော မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ ပန်းချီပညာရှင်များ Outdoor Painting ရေးဆွဲနေသည့် မင်းနန်သူကျေးရွာ အနီးရှိ ဘုရားသုံးဆူ ဘုရားသို့ သွားရောက်ကာ ရှေးဟောင်းဘုရားများနှင့် ရှုမြင်ကွင်း ပန်းချီကားများ ဖန်တီးရေးဆွဲ နေခြင်းကို ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါ Outdoor Painting ရေးဆွဲခြင်းကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင် ၁၂ ဦးနှင့် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှ ပန်းချီပညာရှင်များ၊ ပုဂံမြို့ခံပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ ၁၈ ဦး၊ စုစုပေါင်း ၃၀ ဦးတို့သည် ရေဆေးပန်းချီ (water colour)၊ အခရိုင်းလစ်တို့အပြင် မိမိနှစ်သက်ရာ မီဒီယမ်ကိုရွေးချယ်ပြီး အနုပညာလက်ရာ Artwork စိတ်ကြိုက်ပန်းချီကားများကို စုပေါင်းရေးဆွဲကြခြင်း၊ ရွှေစည်းခုံစေတီတော်သို့ သွားရောက်လေ့လာ ကြကာ စူဠာမဏိဘုရားအနီး ဖိုးသူတော်ကန် ရှုခင်းကြည့်တောင်ကုန်းတွင် Sunset ကြည့်ရှုကြ ကြောင်း သတင်းရရှိပါသည်။