
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)အစီအစဉ်ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ဆောင်ရွက် သည့် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄) မြန်မာနိုင်ငံ” အစီအစဉ်ကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာပန်းချီများကို ကာကွယ်ပေးရန်၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာပန်းချီများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၊ Royal Palace Hotel ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် သံရုံးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တို့မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံးမှ ပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်မြစ်၏ မိသားစုဝင်နိုင်ငံများဟာ ၂၀၁၆ ခုနှစ်တွင် “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Lancang-Mekong Cooperation LMC)” ကို စတင် ထူထောင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်ပြီး မဲခေါင်-လန်ချန်းဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှုများ ပွင့်လင်းမြင်သာမှုများ ရှိစေရန် နှင့် လူမှုအသိုက်အဝန်းများ အားကောင်းလာစေရန်၊ ယဉ်ကျေးမှုများ ဖလှယ်ခြင်းဖြင့် အပြန်အလှန်နားလည်မှုများ တည်ဆောက်လျက်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများက စီးပွားရေး၊ လူမှုရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာ အတူတကွပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ကျင်းပ လာခဲ့ကြတာကို သိရှိရပါကြောင်း၊ နိုင်ငံအသီးသီးမှာ ယခုအခါ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာများ တိုးတက် မြင့်မားလာတာကြောင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို ကာကွယ်စောင့်ရှောက်ရန် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပါကြောင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကဏ္ဍ အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအား အရှိန်အဟုန် မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာ ယဉ်ကျေးမှုများ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လူမှုအသိုက်အဝန်းများ အားကောင်းလာစေရန် ယဉ်ကျေးမှုဖလှယ်ခြင်းဖြင့် အပြန်အလှန်နားလည်မှုကို တည်ဆောက်နိုင်ရန် အရေးကြီးလျက်ရှိ ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော ရိုးရာပန်းချီကားများကို မိမိတို့လူမျိုးတို့၏ ရိုးရာအတိုင်း ရေးဆွဲရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်နိုင်စေရေးတို့ အတွက် မဲခေါင် ဒေသတွင်း (၆) နိုင်ငံမှ လူငယ်များအား ဖိတ်ခေါ်၍ ယခုအစီအစဉ်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယင်းလူငယ်ပန်းချီပညာရှင်များအနေဖြင့် နိုင်ငံတကာပန်းချီပညာကို သိရှိလေ့လာနိုင်စေရန်၊ မိမိတို့၏ ရိုးရာပန်းချီပညာကို မျှဝေပေးနိုင်ရန်နှင့် ရိုးရာဓလေ့များကို အသိပညာပေးရန်၊ လူငယ် များ၏ ချိတ်ဆက်ဆောင်ရွက်မှုမှအစပြု၍ လူငယ်အနုပညာရှင်များအချင်းချင်း ပိုမိုထိတွေ့ဆက်ဆံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်စေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ “Mekong-Lancang Cultural Activity 2024 in Myanmar မဲခေါင်-လန်ချန်းယဉ်ကျေးမှု အစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ” စီမံကိန်းကို Let’s Preserve Mekong- Lancang Cultural Heritage “မဲခေါင်-လန်ချန်း ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းကြပါစို့” ဟူသော ဦးတည်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါကြောင်း၊ ပုဂံမြို့ဟာ မဲခေါင်လန်ချန်းဒေသ တွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် တစ်ခုဖြစ်ပြီး ပုဂံခေတ်ထွန်းကားစဉ်ကပင် ဒေသတွင်းနိုင်ငံ များနှင့် ကူးလူးဆက်ဆံမှုများရှိခဲ့သော သမိုင်းဝင်မြို့တော်ဖြစ်ပါကြောင်း၊ ပုဂံခေတ်အတွင်း ကုန်သွယ်ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုတို့မှာ မဲခေါင်ဒေသတွင်း သမိုင်းဆိုင်ရာဆက်စပ်မှုများ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ထိုသို့ မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ရင်းနှီးစွာဆက်ဆံမှု ကြာမြင့်ခဲ့သော ယဉ်ကျေးမှုမြို့တော် ပုဂံတွင် ယခု အစီအစဉ်ကို ပြုလုပ်ရသည့်အတွက် အနှစ်သာရ ပိုမိုပြည့်ဝမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက Video conferencing စနစ်ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီးဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ“Mekong-Lancang Cultural Activity 2024 in Myanmar မဲခေါင်- လန်ချန်း ယဉ်ကျေးမှုအစီအစဉ် (၂၀၂၄) – မြန်မာနိုင်ငံ”ကို မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ပန်းချီပညာရှင် များက ပုဂံယဉ်ကျေးမှုနယ်မြေ၌ လက်တွေ့ကွင်းဆင်း ပန်းချီများဖန်တီးခြင်း၊ ရိုးရာပန်းချီ အနုပညာ ဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ ပန်းချီအနုပညာပြပွဲ ခင်းကျင်းပြသခြင်း၊ ယဉ်ကျေးမှုလေ့လာရေး ခရီးစဉ်သွားရောက်ခြင်း စသည့် လုပ်ငန်းစဉ် (၄)ရပ် ဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၌ ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။