သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု နှင့်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်စစ်ဆေး၊ “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄) မြန်မာနိုင်ငံ”တွင် ပါဝင်သည့် အဖွဲ့ဝင်များ၏ လေ့လာရေးခရီးစဉ်အား   သွားရောက်ကြည့်ရှုအားပေး ညောင်ဦး၊ ဖေဖော်ဝါရီ  ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ  ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကလေးဘုရားအစု လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ၊ မင်းနန်သူကျေးရွာရှိ လေးမျက်နှာဘုရားအစု လုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူက ရှင်းလင်းတင်ပြပါသည်။ 

          ဆက်လက်၍ ဆင်ဖြူရှင် Complex သန့်ရှင်း သာယာလှပရေး‌ ဆောင်ရွက်ထားရှိမှု၊ ဆင်းတုတော်များ ထိန်းသိမ်းထားရှိမှုနှင့် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ကြည့်ရှုစစ်ဆေး၍ ဆင်ဖြူရှင်ဘုရားရှိ အင်္ဂတေပန်းအနုလက်ရာမျာကို ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆင်းတုတော်များ ရောင်တော်ဖွင့်ရန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ရေကန်၊ အုတ်တိုက်များ တစ်စုတစ်စည်းတည်း တည်ရှိရာ ပုဂံခေတ်နှောင်းပိုင်းကာလတွင် တည်ထား ကိုးကွယ်ခဲ့သည့်ထေရဝါဒဗုဒ္ဓ တက္ကသိုလ်ဖြစ်သည့်အတွက် ရှေးမူမပျက်ထိန်းသိမ်း စောင့်ရှောက်ရန် လိုကြောင်း မှာကြားပါသည်။

          ထို့နောက် ရှေးဟောင်းအဆောက်အအုံအမှတ်-၇၅၂ အနီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ရေလမ်းကြောင်းအမှတ်(၁) ထိန်းသိမ်းရေး လုပ်ငန်းနှင့် ရှေးဟောင်းအဆောက်အအုံအမှတ်(၂၃၄၂) နှင့် (၇၅၂) ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ သိကြားဟစ်၊သိကြားပုန်း၊ သိကြားသိ ဘုရားအစု ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ထားမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကြည့်ရှုစစ်‌ဆေး၍ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြား၍ ဧရိယာ(B) သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ ရှေးဟောင်းအဆောက်အအုံ များ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင် ရွက်ရန် မှာကြားပါသည်။

          ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့်    သရပါတံခါးအနီး ရေမြောင်း တူးဖော်ခြင်း၊ Box Culvert ပြုလုပ်ခြင်း၊ သရပါတံခါးအနီး ကျုံးကူး တံတား (Box Culvert)ပြုလုပ်ခြင်း၊ ဧရာဇက်ဆိပ် သွားကားလမ်းတွင် Box Culvert ပြုလုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ပုဂံခေတ် မူလရေလမ်းကြောင်း အမှတ်-၁ အား ပြန်လည် ဖော်ထုတ်ထိန်းသိမ်းခြင်း လုပ်ငန်းတွင်ပါဝင်သော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရှေးဟောင်းအမွေအနှစ်နှင့် မြင်ကွင်းထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားပါသည်။

          ဆက်လက်၍ ဖောင်တော်ဦးဘုရားနှင့် ရတနာမဉ္ဇူဘုရားတို့ရှိ ဆင်းတုတော်များ ရောင်တော် ဖွင့်ခြင်းနှင့် တန်ဆောင်းနှင့် ဇရပ်သွပ်မိုးများ ဆေးသုတ်ခြင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်  အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းနန်းတော်ရာ ဝင်းအတွင်းရှိ  ဓာတ်ခွဲခန်းတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)မြန်မာနိုင်ငံ”ဖြင့် ပုဂံမြို့သို့ရောက်ရှိနေသော မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံးမှ ပန်းချီပညာရှင်များ၊ ပုဂံမြို့ခံပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၏  ယဉ်ကျေးမှု လေ့လာရေး ခရီးစဉ်သို့ သွားရောက်အားပေးကြည့်ရှုရာ၌ ရွှေပြည်နန်းသနပ်ခါးပြတိုက်သို့ သွားရောက် လေ့လာခဲ့ရာ သနပ်ခါးဆိုင်ရာခင်းကျင်းပြသမှုများကို သနပ်ခါးပြတိုက်မှ တာဝန်ရှိသူများက ရှင်းလင်းပြသပြီးနောက် ဒုတိယဝန်ကြီးက ပြတိုက်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးကာ သနပ်ခါးပြတိုက်မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ 

ဆက်လက်၍ လေ့လာရေးအဖွဲ့ဝင်များသည် ယွန်းပညာကောလိပ်(ပုဂံမြို့)သို့ သွားရောက် လေ့လာခဲ့ရာ ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ယွန်းပညာ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက်  ယွန်းထည်လုပ်ငန်းအလုပ်ရုံ (Bagan House)သို့ သွားရောက်လေ့လာသည်။ နေ့လယ်ပိုင်းတွင် အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားသို့ သွားရောက် ဖူးမြော်လေ့လာရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူ များက ရှင်းလင်းပြသရာ လေ့လာရေးအဖွဲ့ဝင်များသည် စိတ်ဝင်စားစွာ လေ့လာကြသည်။ ညနေပိုင်း တွင် ဗူးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တည်ခင်းဧည့်ခံသော “မဲခေါင်-လန်ချန်း ယဉ်ကျေးမှုအစီအစဉ်(၂၀၂၄) မြန်မာနိုင်ငံ”၏ နှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်သည်။           အဆိုပါညစာစားပွဲသို့ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှ ပန်းချီပညာရှင်များ၊ ပုဂံမြို့ခံပန်းချီပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန် ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ တက်ရောက်ကြ သည်။     ညစာစားပွဲသို့ တက်ရောက်လာသည့် ပန်းချီပညာရှင်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Loading