
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ သည် (၂၇.၂.၂၀၂၅) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပ ပြုလုပ်သည့် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း (Bagan Hotel Strategy) အပြီးသတ် ရေးဆွဲ နိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပါသည်။
အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ပုဂံဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီ (ညောင်ဦးခရိုင်အဆင့်) အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ အရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း(Bagan Hotel Strategy)ရေးဆွဲရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို ရှင်းရှင်းလင်းလင်းသိ၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ယခုအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပုဂံဒေသအနေဖြင့် ယခုချိန်သည် ဧည့်သည်များ ကျဲပါးနေသော်လည်း ပုံမှန်အားဖြင့် ဟိုတယ်၊ တည်းခို ခန်းများတွင် ခရီးသွားဧည့်သည်များဖြင့် ပြည့်နေလေ့ရှိသည့် ကာလဖြစ်သဖြင့် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း(Bagan Hotel Strategy) အပြီးသတ် ရေးဆွဲနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် မလျှောက်ထားမီကပင် တည်ရှိသည့် ဟိုတယ်အချို့သည် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်း ကျရောက်လျက် ရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ဟိုတယ်ဆိုင်ရာ အချက်အလက်များကို ကွင်းဆင်း ကောက်ယူခဲ့ ပါကြောင်း၊ ယခုတက်ရောက်လာကြသူများတွင်လည်း ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း(Bagan Hotel Strategy)ရေးဆွဲလုပ်ငန်းစဉ်တွင် ပါဝင်နေကြသူများဖြစ်ပါကြောင်း၊ ပုဂံဟိုတယ်မဟာ ဗျူဟာ စီမံကိန်း(Bagan Hotel Strategy) အပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ရမည့်အခန်းကဏ္ဍများကို ရှင်းလင်းဆွေးနွေး စေလိုပါကြောင်း အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသစီမံခန့်ခွဲမှုအတွက် အဖွဲ့များဖွဲ့စည်းထားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက် -ညွှန်ကြားရေးမှူး (သတင်းအချက်အလက်) က Hotel Strategy (မူကြမ်း) ပြုစုထားမှုနှင့် ပတ်သက်၍လည်းကောင်း၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က Hotel Strategy ရေးဆွဲနိုင်ရေး နှင့်ပတ်သက်၍ လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး က ဟိုတယ်လိုင်စင် ထုတ်ပေးထားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက တည်းခို ရိပ်သာလိုင်စင် ထုတ်ပေး ထားမှုနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ် စကား ပြောကြား၍ (၁၁:၄၅) နာရီအချိန်တွင် အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။