
မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အောက်ရှိ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (Mekong-ROK Cooperative Fund – MKCF) ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)က ဆောင်ရွက်သည့် Mekong Creative Film Festival (Traditional Games and Foods) မဲခေါင်ဒေသတွင်းဖန်တီးမှု ရုပ်ရှင်ပွဲတော်၏ လုပ်ငန်းစဉ် (၁) ဖြစ်သော Pre-Documentary Film Incubator Workshop “မှတ်တမ်းရုပ်ရှင်လူငယ်များအား ပျိုးထောင်ခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
လုပ်ငန်းစဉ် (၂) ဖြစ်သော Documentary Film Incubator Workshop မှတ်တမ်း ရုပ်ရှင်ဖန်တီးသူ လူငယ်များအား ပျိုးထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၁၃.၁၀.၂၀၂၄ ရက်နေ့မှ ၁၅.၁၀.၂၀၂၄ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ Royal University of Fine Arts တွင်လည်းကောင်း၊ ၁၅.၁၀.၂၀၂၄ ရက်နေ့မှ ၁၇.၁၀.၂၀၂၄ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Hotel Hanoi တွင်လည်းကောင်း၊ ၁၈.၁၀.၂၀၂၄ ရက်နေ့မှ ၂၀.၁၀.၂၀၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ cinnamon Residence Hall တွင်လည်းကောင်း၊ ၂၅.၁၀.၂၀၂၄ ရက်နေ့မှ ၂၇.၁၀.၂၀၂၄ ရက်နေ့အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘမ်မြို့ Avani Hotel တွင်လည်းကောင်း၊ ၁.၁၁.၂၀၂၄ ရက်နေ့မှ ၃.၁၁.၂၀၂၄ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တွင်လည်းကောင်း ကျင်းပခဲ့ကြပါ သည်။
လုပ်ငန်းစဉ် (၃) ဖြစ်သော Film Festival, Master Classes, Film Screening, Prize Awarding Ceremony & Public Show မဲခေါင်ဒေသတွင်း ဖန်တီးမှု ရုပ်ရှင်ပွဲတော် (ရုပ်ရှင် ပွဲတော်၊ မှတ်တမ်းရုပ်ရှင်များအားပြသခြင်း၊ သင်ခန်းစာပို့ချခြင်း၊ ဆုပေးအပ်ခြင်းနှင့် မှတ်တမ်း ရုပ်ရှင်များကို ပြည်သူအားပြသခြင်း)ကို ၁၇-၂-၂၀၂၅ ရက်နေ့မှ ၂၀-၂-၂၀၂၅ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၇-၂-၂၀၂၅ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် မြဝတီမီဒီယာစင်တာ၊ အမှတ်(၁၅)၊ မိုးကောင်းလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ အခြေစိုက် မဲခေါင်-ကိုရီးယားအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ စီမံကိန်း အကြံပေးပညာရှင်များ၊ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင် မှတ်တမ်းရုပ်ရှင်ဖန်တီးသူလူငယ် အနုပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအဖွဲ့ (PIA TEAM) အဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ သဘင်ပညာဌာနမှ ခေတ်ခြောက်ခေတ် သရုပ်ဖော်အကနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။








