
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းက မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သာသနာ့ဝန်ထမ်းဆောင် သာသနာပြုခဲ့မှုမှတ်တမ်းများ၊ သုံးဆောင်ခဲ့သော အသုံးအဆောင် ပစ္စည်းများ ခင်းကျင်းပြသထားရာပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြသပစ္စည်း များကို နောင်တွင်ငလျင်ဒဏ်ခံနိုင်ရေး မည်သို့ထိန်းသိမ်းပြသသင့်ကြောင်းနှင့် ငလျင်ကြောင့် အဆောက်အအုံထိခိုက်မှုများကို မှတ်တမ်းပြုစုထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်ဦးအောင်ဆန်းဦးက ငလျင်ဒဏ်ကြောင့် စာသင်ဆောင်များ၊ ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ သင်ထောက်ကူပစ္စည်းများ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ ဝန်ကြီးက ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့်ပတ်သက်၍ ပြင်ဆင် ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံများကို ပထမဦးစားပေးပြင်ဆင်ပြီး ကျန်အဆောက်အအုံများအား ဦးစားပေးအလိုက်အချိန်မီ ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် နောင်တွင်တည်ဆောက်မည့် အဆောက်အအုံများကိုလည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်အောင်တည်ဆောက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပြီး ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မဉ္ဇူသကဆောင်ခန်းမတွင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးအားပေးစကားပြောကြားကာ နိုင်ငံတော်မှထုတ်ပြန်ထားသော ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်အလက်များကို လေ့လာမှတ်သား လိုက်နာဆောင်ရွက်သွားကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် နိုင်ငံတော်ကအားထားရ သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။