ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်  ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ဆောက်လုပ်လှူဒါန်းသည့် (၁၀၀ ပေ x ၃၂ ပေ) အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများနေထိုင်ရန် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်း၊  ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနာ့မဟာဗိမာန်တော်၊ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်နှင့် သံဃာရာမ(၁)အဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ၂၄.၄.၂၀၂၅ နေပြည်တော်

                

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများလိုက်ပါလျက်  ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အောက်ရှိ အနုပညာဦးစီးဌာနမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် ငလျင်ဒဏ်သင့် ဝန်ထမ်းများ အမိုး၊ အကာအောက်တွင် နေထိုင်နိုင်ရေးအတွက် ရုံးအမှတ်(၃၅)၊ လေ့ကျင့်ရေး ဇာတ်ရုံဝန်းအတွင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် အလှူရှင်များက ဆောက်လုပ် လှူဒါန်းပေးသည့် (၁၀၀ ပေ x ၃၂ ပေ) သံကူကွန်ကရစ် တစ်ထပ်အဆောက်အဦ ဆောက်လုပ် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် အဆောက်အဦ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာ၊ အနုပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူတို့က အဆောက်အဦဆောက်လုပ် နေမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့်အလှူရှင်များက လှူဒါန်းပေးသော ယခုဆောက်လုပ်နေသည့် အဆောက်အဦကို အင်အား ရစ်(ခ်)တာစကေး (၈.၀)  ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦ ဖြစ်စေရန်အတွက် နံရံအုတ်ရိုးကို (၉)လက်မ အုတ်ရိုးများကို အသုံးပြုရန်၊ မြေဝင်အနက်(၆)ပေ ထိတူးရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကြံ့ခိုင်သော အဆောက်အဦတစ်ခု ဖြစ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် ခံစားခဲ့ရသည့် ရုံးအမှတ်(၃၅)၊ လေ့ကျင့်ရေးဇာတ်ရုံဝန်း ပတ်ဝန်းကျင်ရှိ ယာယီ(BASHA)တဲ များတွင်နေထိုင်ကြသော အနုပညာဦစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား လိုက်လံကြည့်ရှုကာ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်(၃၅)၊ လေ့ကျင့်ရေးဇာတ်ရုံ၌ အနုပညာဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အားပေးစကားပြောကြား ရာတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့်အတွက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အပါအဝင် များစွာ အခက်အခဲရှိကြမည်ကို သိရှိနားလည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုအချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်ရန် လိုအပ်ပါကြောင်း၊ တစ်ဦးချင်းစီက စိတ်ကောင်း၊ နှလုံးကောင်းများ ထားရှိပြီးရှေ့ဆက်ရမည့် ဘဝခရီးအတွက် အားအင်အသစ်များမွေး၍ လျှောက်လှမ်းရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် နိုင်ငံတော်အကြီးအကဲများက အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့်လည်း ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် တတ်စွမ်းသမျှ စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ ဝန်ထမ်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရုံးအမှတ်(၃၅)၊ လေ့ကျင့်ရေးဇာတ်ရုံဝန်း ပတ်ဝန်းကျင်တွင် ယာယီ(BASHA) ဆောက်လုပ်ရန် လျာထားသည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နံရံမျက်နှာကြက် များပြိုကျပျက်စီးမှု အခြေအနေများ၊ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်တွင် ပြသထား သည့်ပစ္စည်များနှင့် ပြတိုက်အဆောက်အဦ ပျက်စီးမှုအခြေအနေများ၊ သံဃာရာမ(၁) အဆောင်ရှိ သံဃာများသီတင်းသုံးနေထိုင်သည့် အခန်းများ ပျက်စီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးရာတွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ်  ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဗိမာန်၊ ပြတိုက်၊ သံဃာရာမ အလှူရှင် တည်ဆောက်ရေးလုပ်ငန်းရှင်များနှင့်ဆက်သွယ်၍ ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Loading