
မကြာမီ မေလ ၁၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD) သည် ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက် အချင်းချင်း ဆက်သွယ်ပေးသည့် ပြတိုက်များ၏ အရေးပါသည့်နေ့တစ်နေ့ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM) သည် ၁၉၇၇ ခုနှစ် မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ကျင်းပခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်တွင် (၄၈)နှစ်မြောက် ကျရောက်မည်ဖြစ်ပေသည်။ ယခုနှစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD 2025) အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ် မှာ“The Future of Museums in Rapidly Changing Communities” “လျင်မြန်ပြောင်းလဲ လူမှုအသိုက် အဝန်းအတွင်း၊ ပြတိုက်များ၏အနာဂတ်ကိုရှေးရှုခြင်း” ဖြစ်ပါသည်။
ဤဆောင်ပုဒ်အရ လူမှုရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လျင်မြန်စွာပြောင်းလဲ နေသည့် ကမ္ဘာကြီးအတွင်း ပြတိုက်များအနေဖြင့် မည်သို့ လိုက်လျောညီထွေဖြစ်ပြီး ဦးဆောင်ဖွံ့ဖြိုး နိုင်မည်၊ တုံ့ပြန်နိုင်စွမ်း၊ ဆန်းသစ်တီထွင်မှုနှင့် လူထုပါဝင်မှုအရ အရေးပါသော အဖွဲ့အစည်းများအဖြစ် လူမှုအသိုက်အဝန်းတွင် ပိုမိုတန်ဖိုးထားမှု၊ ပြတိုက်များသည် မည်သို့ လမ်းပြကူညီနိုင်သည်၊ တာဝန် ယူပါဝင်နိုင်သည် စသည့် ပြတိုက်များ၏ အရေးပါမှုအခန်းကဏ္ဍကို ဖော်ပြနေပါသည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့၏ ဆောင်ပုဒ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အတွင်း အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့၌ ကျင်းပမည့် ICOM အထွေထွေ ညီလာခံ၏ အဓိကအကြောင်းအရာများနှင့် ကိုက်ညီပါသည်။ ကမ္ဘာတစ်ဝှမ်း ပြောင်းလဲနေသည့် အခြေအနေများအတွင်း ပြတိုက်များသည်လည်း ပြောင်းလဲမှုများအလိုက် မတူညီသော နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှု၊ နည်းပညာအသစ်များကို လက်ခံအသုံးပြုခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်ရေး နည်းလမ်းသစ်များ ဖန်တီးနိုင် ပါသည်။ ထိုနည်းပညာ အခြေပြု ပြောင်းလဲမှုများ သည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာတွင် သာမက အနာဂတ်ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍများတွင် သက်ရောက်မှုရှိစေပြီး ပြတိုက်များ၏ အခန်းကဏ္ဍကို အထောက်အကူ ဖြစ်စေပါသည်။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM)သည် ပြတိုက်များနှင့် ပြတိုက် ပညာရှင်များအတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များအား လေ့လာခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လူမှုအသိုက်အဝန်းနှင့် ပြန်လည်ချိတ်ဆက်ရေး လုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါသည်။
ယင်းအဖွဲ့သည် အဖွဲ့ဝင်(၁၂၉) နိုင်ငံနှင့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်ပြတိုက်ပညာရှင် (၅၇,၀၀၀) ကျော် ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာကွန်ယက်တစ်ခုအဖြစ် တည်ရှိပြီး၊ ICOM သည် အပြည်ပြည်ဆိုင်ရာ မီဒီယာပေါ်တွင် ပြတိုက်ပညာရှင်များ၏ အသံအဖြစ် ထင်ပေါ်ပြီး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့်ဆိုင်သော ပြဿနာများအပေါ် အကြံဉာဏ်ပေးခြင်း၊ ပြတိုက်ပညာရပ် ဆိုင်ရာစွမ်းရည်တိုးမြှင့်ရန် ထောက်ပံ့ခြင်းနှင့် ဉာဏ်ပညာဖလှယ်မှုများ ပူးပေါင်း ဆောင်ရွက်မှု များမှတဆင့် လူမှုယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်အောင်မြင်စွာ လှုံ့ဆော် ဆောင်ရွက်နေပါသည်။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD) ၏ ရည်ရွယ်ချက်များ
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD) ၏ ရည်ရွယ်ချက်မှာ ပြတိုက်များသည် ယဉ်ကျေးမှုအပြန်အလှန်ဆက်နွယ်မှု၊ လူ့အဖွဲ့အစည်းများအကြား နားလည်တိုးတက်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ထမ်းဆောင် နိုင်ကြောင်း လူထုသိမြင်မှုကို မြှင့်တင်ဖော်ပြရန် ဖြစ်ပါသည်။ ပြတိုက်များသည် ယနေ့ခေတ် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသောလူ့အသိုက်အဝန်းတွင် အနာဂတ်အတွက် ပိုမိုတည်တံ့ဖွံ့ဖြိုး နိုင်သော အဖွဲ့အစည်းများ ဖြစ်လာစေရန်၊ လူထုပါဝင်ဆောင်ရွက်နိုင်သော အဖွဲ့အစည်းများအဖြစ် တက်ကြွစွာပါဝင်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD)ဆောင်ပုဒ်သည် “လျင်မြန်ပြောင်းလဲ လူမှုအသိုက်အဝန်းအတွင်း၊ ပြတိုက်များ၏အနာဂတ်ကိုရှေးရှုခြင်း” ဖြစ်ပေရာ ပြတိုက်များသည် လူမှုရေး(Social)၊ နည်းပညာ(Technological)နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ(Environmental) ပြောင်းလဲမှုများအတွက် မည်သို့ကိုက်ညီကာ တက်ကြွစွာ ပါဝင်မှု၊ ပြုပြင်ပြောင်းလဲမှုများနှင့် ယဉ်ကျေးမှု ကို ထိမ်းသိမ်းကာကွယ်မှုစသည့် အဓိက အခန်း ကဏ္ဍများမှ ပါဝင်ပါသည်။
၂၀၂၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD)၏ ဆောင်ပုဒ် (Theme) ကို ခွဲခြားရသော်-
၁။ ရေရှည်တည်တံ့ခိုင်မြဲဖွံ့ဖြိုးရေး၌ ပါဝင်သောအခန်းကဏ္ဍ” (Role in Sustainable Development)
ပြတိုက်များသည် သဘာဝအရင်းအမြစ်များကို တာဝန်ယူမှုရှိစွာ စီမံခန့်ခွဲကာ တည်တံ့ သော ဖွံ့ဖြိုးရေးရရှိရေး၌လည်း အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေမှုသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့်လည်း ကိုက်ညီသည်ဟု ပြသနိုင်ပါသည်။
၂။ ၂၀၂၅ခုနှစ် IMD အတွက် အဓိက ပန်းတိုင် များ (Key SDGs for 2025 International Museum Day)
၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်ပုဒ်အရ ပြတိုက်များသည် လက်ရှိကမ္ဘာ့အခြေအနေအပြောင်းအလဲများအတွင်း၌လည်း မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များနှင့် လူ့အသိုက်အဝန်းအပေါ်အကျိုးသက်ရောက်မှုများကို ပြန်လည်စဉ်းစားပြီး၊ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ပါဝင်ဆောင်ရွက်နေကြကြောင်း ပြသနေပါသည်။
ပြတိုက်များသည် ယခုခေတ်တွင် ယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့အစည်းအဖြစ်သာမက၊ လူ့အသိုက်အဝန်းများနှင့် ဆက်နွယ်မှုရှိသည့်ပညာရေး၊ သတင်းအချက်အလက်ဖလှယ်မှု၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများတွင်လည်း တက်ကြွစွာပါဝင်လာကြပါသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှု များသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (SDGs) နှင့် အထူးသဖြင့် အောက်ပါ အဓိက SDGs 8 ၊ SDGs 9 ၊ SDGs 11 တို့နှင့် လုံးဝကိုက်ညီပါသည်။
(က) SDGs (8) – တည်တံ့သော လူမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်အကိုင်
(Decent Work and Economic Growth:)
SDGs 8 အောက်တွင် ပြတိုက်များသည် ဒေသခံလူထုအတွက် အလုပ်အကိုင်ဖန်တီးခြင်း၊ ပညာရေး အစီအစဉ်များ၊ လေ့လာရေး အစီအစဉ်များနှင့် ခရီးသွားလုပ်ငန်းအပေါ် အကျိုး
သက်ရောက်မှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးပါသည်။
(ခ) SDGs (9)– စက်မှုဖွံ့ဖြိုးမှု၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဖွံ့ဖြိုးမှု (Industry၊ Innovation and Infrastructure)
SDGs 9 အရ ပြတိုက်များသည် ဆန်းသစ်တီထွင်မှုများကို ဦးစားပေးပြီး နည်းပညာ အသစ်များကို လက်ခံအသုံးပြုခြင်းအားဖြင့် ဧည့်သည်များအတွက် ဝင်ရောက်လေ့လာမှု အတွေ့ အကြုံအရည်အသွေးကို မြှင့်တင်နိုင်သည့်အပြင် ပြတိုက်လုပ်ငန်းစဉ်များ တိုးတက်ပြောင်းလဲမှု ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
(ဂ) SDGs (11) – ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအသိုက်အဝန်းများ
(Sustainable Cities and Communities:)
SDGs 11 ရည်ရွယ်ချက်အရ ပြတိုက်များသည် ယဉ်ကျေးမှုအခြေပြု ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်ကာ ယဉ်ကျေးမှုစင်တာအဖြစ် တည်ရှိသည့်အနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ သော ထောက်ပံ့မှုတစ်ရပ်ဖြစ်စေပါသည်။ ထို့အပြင် လူထုပါဝင်မှုနှင့် တုံ့ပြန်နိုင်မှုရှိသော လူမှုအသိုက် အဝန်းများ ဖော်ဆောင်ရာတွင်ပါ အရေးပါသော အခန်းကဏ္ဍမှ ထမ်းဆောင်နေသလို ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။
၃။ ပြောင်းလဲမှုများ (Navigating Change)
ယနေ့ကမ္ဘာမှာ အရာအားလုံး ပြောင်းလဲနေပြီး ပြတိုက်များသည်လည်း မိမိတို့၏ လုပ်ငန်း တာဝန်များကို ပြန်လည်စဉ်းစားရန် လိုအပ်နေပါသည်။ နည်းပညာအသစ်များ၊ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့် ကမ္ဘာ့ဖြစ်ရပ်အသစ်များအတိုင်း ကိုက်ညီအောင် ပြောင်းလဲပြီး ရှင်းလင်းစွာ ဖော်ပြနိုင်ရန် လိုအပ်ပါသည်။
၄။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ ဖြန့်ဝေမှု (Contributing to Sustainable Development)
ပြတိုက်များသည်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ရည်ရွယ်ထားသဖြင့် ကုလသမဂ္ဂ၏ ရည်မှန်းချက်များ (SDGs) နှင့် ကိုက်ညီပါသည်။ အထူးသဖြင့် SDGs 8 (လူမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး)၊ SDGs 9 (စက်မှု၊ တီထွင်မှုနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး)နှင့် SDGs 11 (တည်တံ့သော မြို့ပြနှင့် လူမှုအသိုင်းအဝိုင်းများ ဖွံ့ဖြိုးရေး) တို့နှင့် ဆက်စပ်ပါသည်။
၅။ လူမှုအသိုက်အဝန်းအပေါ် အာရုံစိုက်မှု (Community Focus)
ပြတိုက်များသည် မိမိတို့ဒေသရှိ လူမှုအသိုက်အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေပြီး၊ ဒေသခံလူထု၏ အတွေးအမြင်များနှင့် လိုအပ်ချက်များကို ဖြည့်စွမ်းပြီး ထင်ဟပ်အောင် ဖော်ပြနိုင်ရန် အခွင့်အရေးများကို ချဲ့ထွင်သင့်ပါသည်။
၆။ ထိန်းသိမ်းမှုနှင့် ဆန်းသစ်တီထွင်မှု (Preservation and Innovation)
ပြတိုက်များသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ကို ဖော်ပြသည့်အပြင် ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာအသစ်များကိုလည်း လက်ခံ အသုံးချနိုင်ဖို့ အရေးကြီးကြောင်း ပြသရပါမည်။
၇။ ဆက်သွယ်သူ အခန်းကဏ္ဍ (Role as a Connectors)
ပြတိုက်များသည် လူထု၊ ဆွေးနွေးမှုများနှင့် လူမှုအသိုက်အဝန်းများအကြား ဆက်သွယ်မှု ဖန်တီးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ထမ်းဆောင်သည့်အပြင် ပူးပေါင်းဆောင်ရွက်မှုများ နှင့် လူမှုဆက်ဆံရေးတိုးတက်ရေးလုပ်ဆောင်ချက်များကိုလည်း ပံ့ပိုးကူညီနေကြပါသည်။
၈။ လက်ရှိ ပြောင်းလဲမှုနှင့် ပြတိုက်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ (Challenges)
လက်ရှိတွင် ပြတိုက်များသည် ဒစ်ဂျစ်တယ်နည်းပညာ မြန်ဆန်သော တိုးတက်မှုကြောင့် ယှဉ်ပြိုင်မှု ကြုံတွေ့ရခြင်း၊ လာရောက်လည်ပတ်သူ အရေအတွက်ပိုမို တိုးတက်လာစေရန် ကြိုးပမ်းရခြင်း၊ ဘတ်ဂျက်အခက်အခဲများနှင့် ယနေ့ လူ့အသိုက်အဝန်းအတွက်သာမက မျိုးဆက်သစ်များအတွက်လည်း ပညာပေးနိုင်အောင် ပြုပြင်ပြောင်းလဲရခြင်းစသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
၉။ ပြတိုက်များ၏ အနာဂတ် ဖော်ဆောင်မှု(Shaping the Future of Museums)
ပြတိုက်များသည် ပံ့ပိုးရေးအဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် ဒေသခံ အသိုက် အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူထုနှင့် နီးကပ်လာနိုင်ပါသည်။
အနာဂတ်တွင် ပြတိုက်များသည် –
- တက်ကြွသော သင်ကြားရေးပလက်ဖောင်းတစ်ခုအဖြစ်
- စိတ်နှင့် ကိုယ်ကျန်းမာရေး (Mental & Physical Well-being) အတွက် နားရာ တစ်ခုအဖြစ်
- ခေတ်မီနည်းပညာနှင့် ပေါင်းစပ်နိုင်သော ပံ့ပိုးရေးအဖွဲ့အစည်းအဖြစ် အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လာနိုင်ပါသည်။
ထို့အပြင် Mindfulness Tours, Therapeutic Art Programs, Wellness Workshops စသော အစီအစဉ်များမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ပေးနိုင် သည်။ မည်သူမဆို လူတန်းစားမရွေး ဝင်ရောက်ခံစားနိုင်စေရန် Access Programs များ တိုးချဲ့ လုပ်ဆောင်သင့်ပါသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ်အရ ပြတိုက် များသည် မိမိလုပ်ငန်းနယ်ပယ်အား ယနေ့ခေတ်၌ ဖြစ်ပေါ်လာသည့် နည်းပညာအလျင်အမြန် ဖွံ့ဖြိုးမှုများ၊ လူ့လောကတန်ဖိုးနှင့် လိုအပ်ချက်များပြောင်းလဲမှုများအပေါ် တုံ့ပြန်နိုင်ရန် ပြန်လည် သုံးသပ်ကာ အသစ်တီထွင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု နှင့် ဆန်းသစ်တီထွင်မှု၊ လူမှုဆက်သွယ်ရေးဖန်တီးမှုတွင် ဆက်သွယ်သူအဖြစ် ပါဝင်နိုင်မှုနှင့် လူမှု အသိုက်အဝန်းတွင် ပိုမို အကျိုးရှိရန် အာရုံစိုက်မှု စသောအချက်များသည် ယနေ့ခေတ် ပြတိုက် များ၏ မျှော်မှန်းချက် အသစ်များ ဖြစ်လာကြောင်းကို မြင်တွေ့နိုင်ပါသည်။
နိဂုံး
အချုပ်အားဖြင့် ပြောရလျှင် ပြတိုက်များသည် အတိတ်မှ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြီး ယနေ့နှင့် အနာဂတ်အတွက် အသုံးဝင်သော သင်ခန်းစာများ၊ လူမှုအသိုက်အဝန်း အတွက် တန်ဖိုးရှိသော အတိတ်အမွေအနှစ်များ၊ တည်တံ့ဖွံ့ဖြိုးရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် နည်းလမ်းများ၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေပါသည်။
ပြတိုက်များသည် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် လူမှုရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများနှင့် ပညာရေး အစီ အစဉ်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လူထုနှင့်ပူးပေါင်းဆောင်ရွက်နေပါသည်။
ထို့အပြင် ပြတိုက်များသည် မျိုးဆက်သစ်လူငယ်များအတွက် ယဉ်ကျေးမှုအသိပညာများ တိုးတက်စေရန် အခွင့်အလမ်းပေးခြင်းဖြင့် မိမိရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူ တန်ဖိုးထားပြီး ထိန်းသိမ်းလိုသည့် စိတ်ဓာတ်၊ အသိဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုရေချိန် မြင့်မားလာစေရန် ကူညီပံ့ပိုးကာ အနာဂတ်တွင် စွမ်းဆောင်နိုင်သည့် ခေါင်းဆောင်များ ဖွံ့ဖြိုးထွန်းကားလာစေရန် လမ်းပြ ပေးသည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။
ပြတိုက်များသည် လူတိုင်း ပါဝင်နိုင်သည့် တည်တံ့ခိုင်မြဲသော အနာဂတ်တစ်ခုကို ဖန်တီးနိုင်စေရန် အရေးပါသော ပလက်ဖောင်းအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြပြီး “ပြတိုက်များသည် ပြောင်းလဲနေသော ကမ္ဘာအတွင်း မျှတမှုနှင့် တန်ဖိုးထားမှုများအတွက် ပြောင်းလဲမှု အရေးပါသူများ ဖြစ်ကြသည်” ဆိုသည့် သဘောတရားအပေါ် အခြေခံကာ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ဂုဏ်ပြု ရေးသား၍ ပြတိုက်များသို့ လာရောက် လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။
သီသီသောင်း
ကိုးကား
၁။ International Council of Museums (ICOM)။ (n.d.)၊ International Museum Day၊ ICOM။ Retrieved April 27, 2025, from https://icom.museum/en/news/international-museum-day/
၂။ International Council of Museums (ICOM)။ (n.d.)၊ 27th ICOM General Conference၊ ICOM။ Retrieved April 27, 2025, from https://icom.museum/en/news/27th-icom-general- conference/
၃။ သီသီသောင်း။ (၂၀၂၁ မေ၊ ၂၀၂၂ မေ၊ ၂၀၂၄ မေ)၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်းပါး၊မြန်မာ့အလင်းသတင်းစာ။
၄။ သီသီသောင်း။ (၂၀၂၁ မေ၊ ၂၀၂၂ မေ၊ ၂၀၂၄ မေ)၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်းပါး၊ ကြေးမုံသတင်းစာ။