သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင်ဦးလွင်သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ရှေးဟောင်းအဆောက်အအုံများကို ကွင်းဆင်းစစ်ဆေးစစ်ကိုင်း၊ မေ ၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် ဒုတိယ ဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ၁-၅-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်အတူ သီတဂူဆရာတော်ကြီး၏ စံကျောင်းတော်သို့ရောက်ရှိခဲ့ပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားရာ သီတဂူ ဆရာတော်ကြီးဦးစီး၍ ဆွမ်းဦးပုညရှင်စေတီ၊ ရတနာထွဋ်ခေါင်စေတီ (ခေါ်) ဆင်များရှင်စေတီ၊ မဟာစေတီ၊ မရှိခဏစေတီ (ခေါ်) မဟိယင်္ဂဏစေတီ၊ စေတီလှ၊ ရှင်ပင်နံကိုင်းစေတီ၊ ရာဇမဏိစူဠာ (ခေါ်) ကောင်းမှုတော်စေတီအပါအဝင် စေတီကြီး (၇)ဆူကို ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ဘာသာ သာသနာအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဩဝါဒခံယူခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ ကျိုက်လတ်ချောင်ရှိ အေဒီ ၁၄ ရာစု လက်ရာ နံရံဆေးရေးပန်းချီ သံဗုဒ္ဓေဘုရားများ၊ နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဗုဒ္ဓဝင်ဆိုင်ရာ ပန်းချီများ၊ ကောသလမင်းအိမ်မက် ၁၆ ချက် နံရံပန်းချီများရေးဆွဲထားသည့် ဂူဘုရားသို့ ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဘုရား၏ ပြိုပျက်နေသောအပိုင်းများမှတစ်ဆင့် မိုးရေဝင်၍ မပျက်စီး စေရန်၊ ယာယီအမိုးမိုးထားရန်နှင့် အမြန်ပြုပြင်သွားရန်၊ နံရံပန်းချီကွာကျနေမှု အခြေအနေများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များဖြင့် ပြန်လည် ထိန်းသိမ်းရေးလုပ်ငန်းများအား မိုးမကျမီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခြင်္သေ့သုံးဆယ်စေတီသို့ သွားရောက်ကြည့်ရှုပြီး အပျက်အစီးများကို လုပ်အားပေးများဖြင့် စုပေါင်းရှင်းလင်းရန်၊ ပြန်လည်ပြုပြင်ရာတွင် ရေရှည် တည်တံ့နိုင်ရေးအတွက် သံကူကွန်ကရစ်ဖြင့် အားဖြည့်ရန်အတွက်ပါ တွက်ချက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှင်ပင်နံကိုင်းစေတီသို့ရောက်ရှိခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ငလျင်ကြောင့်အပျက်အစီးများအား အန္တရာယ်မဖြစ်အောင်အထူးသတိပြုဖယ်ရှားရန်၊ စေတီကြီးတစ်ဆူလုံး ကြေမွပျက်စီးနေသဖြင့် အကြီးစားပြန်လည်ပြုပြင်ရာတွင် သဘာဝဘေး အန္တရာယ်များပါခံနိုင်ရန် အလေးထား ပုံစံထုတ်ပြုပြင်သွားရန်မှာကြားခဲ့ပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြတ်စွာဘုရားရှင် ကောင်းကင်ခရီးဖြင့် ဒေသစာရီ ကြွရောက်လာစဉ် ဤအရပ်သို့ရောက်သောအခါ ဘီလူးကိုးကျိပ်ကိုးယောက်အား တရားဟော၍ ဘီလူးအပေါင်းတို့ သောတာပန်တည်ကာ အပါယ်တံခါးပိတ်ခဲ့ရာအရပ်ဖြစ်သော ကြောင့် သောတာပန်အရပ် ဟုခေါ်တွင်ခဲ့သည့်နေရာ၌ သက္ကရာဇ် ၁၀၉၄ ခုနှစ်တွင် တနင်္ဂနွေ မင်းကြီးက ဘီလူး ကိုးကျိပ်ကိုးယောက် ရုပ်တုနှင့်မြတ်စွာဘုရား ရုပ်ပွားတော်အား လိုဏ်အတွင်း၌ ထားလျက် အပြင်မှရှစ်ထောင့်ချိုးစေတီတည်ပြီး ဘုရားဘွဲ့တော်ကို လေးကျွန်းမာန်အောင်ဟု သမုတ်ခဲ့သည့်ဘုရားကြီး၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဘုရားကြီး၏ ထိခိုက်ပျက်စီးမှုကြီးမားပြီး အမြင့် (၁၂၂)ပေရှိသည့် အပေါ်ပိုင်း၊ အပြင်ပိုင်း၊ အတွင်းပိုင်း အားလုံး အက်ကြောင်းကြီးများဖြင့် တစ်ဆူလုံးနီးပါး ပြန်လည်ပြုပြင်ရမည့် အခြေ အနေမျိုး ဖြစ်သဖြင့် ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ဆောင်ရွက် လုပ်ကိုင်သင့်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ရေးကိုမှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတောင်ရိုးရှိ တောင်ထွဋ်ပေါင်း ၃၇လုံးတွင် တစ်လုံးအပါအဝင်ဖြစ်သည့် ငဖားတောင်ထိပ်တွင် ပင်းယတစ်စီးရှင် သီဟသူမင်း၏ ပညာရှိအမတ်ကြီး ဦးပုညက သက္ကရာဇ် ၆၇၄ ခုနှစ်တွင် တည်ထားခဲ့ပြီး မင်းအဆက်ဆက် ကိုးကွယ်ခဲ့သော လူတို့ဆွမ်းတင်ရန် ကြိုးစားသည့်အခါတိုင်း နတ်ဗြဟ္မာတို့က ဦးစွာတင်လှုပြီးဖြစ် သောကြောင့် ဆွမ်းဦးပုညရှင်ဟုလည်းကောင်း၊ စစ်ကိုင်းဝါတွင်း ဘုရားစဉ်များတွင် နှစ်စဉ်ဝါဆို လပြည့်နေ့တိုင်း ဦးဆုံးဆွမ်းကပ်လှူရသော ဆွမ်းဦးပုညရှင် စေတီတော်၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ကြီး၏ ပစ္စယံဘုံသုံးဆင့်အထက် ကြေးဝန်းပိုင်းနှင့် ကြာမှောက်ကြာလှန်ပျက်စီးနေမှုများကို ပြန်လည်ပြင်ဆင်ရန်အတွက် လိုအပ် သည့် အခြေအနေများကို ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ကျွမ်းကျင် ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်၊ အပျက်အစီးများ ဖယ်ရှားရာတွင် ရှေးဟောင်းအုတ်များကို စနစ်တကျ ခွဲခြားစုစည်း၍ နောင်ပြုပြင်တည်ဆောက်ရာတွင် ပြန်လည် အသုံးပြုသွားရန်မှာကြား ခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာသက္ကရာဇ် ၁၀၃၄ ခုနှစ်တွင် နန်းတက်ခဲ့သော နာရာဝရမင်းလက်ထက်တွင် တည်ထားခဲ့သည့် တိလောကဂုရုလိုဏ်ဂူသို့ သွားရောက်၍ လိုဏ်ဂူတော်၏ အနောက်တောင်ထောင့် အပေါ်ပိုင်းမုခ် ပဲ့ကျပျက်စီးနေမှု၊ အပေါ်ထပ်အမိုးပေါင်းကူး ကျွံကျနေမှု၊ အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် ဂူအတွင်းရှိ အင်းဝခေတ်၊ ညောင်ရမ်းခေတ်တို့တွင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာ နံရံပန်းချီ များ၊ ဗုဒ္ဓဝင်ဆိုင်ရာ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးပြီးနောက် ငလျင်ဒဏ်ကြောင့် ပဲ့ကျ ပျက်စီးခဲ့သည့် အစိတ်အပိုင်းအား အလှူရှင်၏ လှူဒါန်းငွေဖြင့် အမြန်ဆုံးပြုပြင်သွားရန်နှင့် နံရံပန်းချီများ၏ ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ဌာနမှကျွမ်းကျင်ဝန်ထမ်းများစေလွှတ်၍ မိုးမကျမီ ပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ စုဆောင်း ထိန်းသိမ်းထားသော ဗုဒ္ဓဆင်းတုတော်များ၊ ဘာသာရေးဆိုင်ရာ အသုံးအဆောင်များ၊ ယွန်းထည် ပစ္စည်းများနှင့် အခြားအသုံးဆောင် ပစ္စည်းများ စုဆောင်းပြသထိန်းသိမ်းထားသည့် စစ်ကိုင်း ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သည့် ဗုဒ္ဓဆင်းတုတော်များ၊ ဘာသာရေးအသုံးအဆောင် ပစ္စည်းများနှင့် ပြသ ပစ္စည်းများ၏ ပျက်စီးမှုအစိတ်အပိုင်းများအား ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ စေလွှတ်၍ ပြုပြင် ထိန်းသိမ်းရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ပြတိုက် အဆောက်အအုံများ နှင့် ပြတိုက်ပစ္စည်းသိုလှောင်ခန်းအား ကြည့်ရှုစစ်ဆေးပြီး အန္တရာယ်ရှိသော ပြတိုက်ပစ္စည်း သိုလှောင်ခန်းအား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ အကြံပြုချက်များကို ရယူကာ ဆောင်ရွက်သွားရန်နှင့် ပြတိုက်ပစ္စည်းများကို အန္တရာယ်ကင်းစွာ အမြန်ဆုံး ရွှေ့ပြောင်း သိမ်းဆည်းနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ ပြတိုက်တွင်ခင်းကျင်းထားသောပစ္စည်းများ၊ စုဆောင်းထားသော ပစ္စည်း များ၊ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများ၊ အင်္ဂတေတိုင်နှင့်တန်းများ ကျိုးပြတ်မှုများအား စနစ်တကျ ပြန်ဆက်ရန်နှင့် ပြိုကျနိုင်သော ပြတိုက်ပစ္စည်း သိုလှောင်ရုံမှ ပစ္စည်းများကို အသေးစိတ် စစ်ဆေး၍ ပျောက်ဆုံးမှု၊ ပျက်စီးမှု စာရင်းပြုစုထားရန်မှာကြားပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မရှိခဏစေတီ (ခေါ်) မဟိယင်္ဂဏစေတီ ငလျင်ကြောင့်ပြိုကျပျက်စီးမှုကို ကြည့်ရှု၍ ယခုပြိုပျက်မှုကို ရှင်းလင်းရာမှ အတွင်းတွင် အင်းဝခေတ် မူလလိုဏ်ဘုရားကို ငုံ၍တည်ထားသည့် လိုဏ်ပေါင်းကူးကို တွေ့ရှိကြောင်း၊ နောင်တွင် ပိုမို ကြံ့ခိုင်အောင်တည်ဆောက်ရန်အတွက် ဒီဇိုင်းရေးဆွဲဆောင်ရွက်ရန် အကြံပြု မှာကြားခဲ့ပါသည်။
ထို့နောက် “စစ်ကိုင်းအစ စေတီလှက”ဆိုသည့် စေတီလှဘုရား ငလျင်လမ်းကြောင်း တိုက်ရိုက်ထိ၍ ပြိုကျပျက်စီးမှုကို ကြည့်ရှုပြီး ၁၀ – ၁၅ ပေအထိ မြေကြီးရော၊ မြေပေါ်ရှိ အဆောက်အအုံများပါ ရွေ့လျားသွားအောင်ပြင်းထန်သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ သော်လည်း ယခုထက်ပိုမိုပြင်းထန်သော ငလျင်ဒဏ်ခံနိုင်သည်အထိ ကြိုတင်တွက်ချက်၍ ပြန်လည် တည်ဆောက်သွားမည်ဟု သီတဂူဆရာတော်ကြီး မိန့်ကြားချက်နှင့်အညီ ပိုမိုကောင်းမွမွန်သည့် တည်ဆောက်မှုမျိုးနှင့် စစ်ကိုင်းခေတ်အစကို ပြန်လည်ကိုယ်စားပြုနိုင်မည့် “စေတီလှ”အသစ် တည်ဆောက်ရန် ဝိုင်းဝန်းကြိုးပမ်းရန် လမ်းညွှန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂေါတမ မြတ်စွာဘုရားရှင်၏ လက်ဝဲ အောက်ဓာတ် စွယ်တော်မြတ် တစ်ဆူ၊ အနားလေးရစ်ပါ မြသပိတ်တော်တစ်လုံး၊ ဆံတော် ၁၁ ဆူနှင့် ဓာတ်တော်မွေတော်များစွာ ကိန်းဝပ်စံပယ်တော်မူသည့် ဒုတိယအင်းဝခေတ် သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သာလွန်မင်းတရားကြီးတည်ထားကိုးကွယ်ခဲ့သည့် ရာဇမဏိစူဠာစေတီတော်မြတ်ကြီး၏ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ စေတီတော်ကြီး၏ ပတ်ဝန်းကျင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုနှင့် စေတီတော်ကြီး၏ အထက်ပိုင်း လုံးပတ်တော် နေရာ အချို့တို့တွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးသည် ဆင်များရှင်စေတီသို့ ရောက်ရှိစစ်ဆေးခဲ့ရာ အပျက်အစီးများ ရှင်းလင်းရာမှ ထူးခြားစွာတွေ့ရှိသည့် နှစ်ထပ်ဆင်းတုတော်အား ဆရာတော်ကြီးများထံမှ ဩဝါဒ ခံယူ၍ မူလပုံမပျက် ဆောင်ရွက်သွားနိုင်ရေး လမ်းညွှန်မှာကြား၍ ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထူပါရုံစေတီနှင့် မဟာစေတီများသို့ သွားရောက်ပြီး အပျက်အစီးများ ရှင်းလင်းနေမှုကို ကြည့်ရှုပြီး ဂေါပက အဖွဲ့များထံ အလှူငွေများပေးအပ် လှူဒါန်း ခဲ့ပြီး ညနေပိုင်းတွင် စစ်ကိုင်းမြို့မှ ပြန်လည် ထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

Loading