
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက် တည်ဆောက်ခဲ့သည့် ရေနန်းတော်ဆိုသည်မှာ လက်ဝဲနော်ရထာ အမတ်၏ ပုရပိုက်ပုံတွင် တွေ့ရှိရပါသည်။
သမိုင်းမှတ်တမ်းများတွင် ရေနန်းတော်အကြောင်းကို ဖော်ပြရာ၌ ဆင်ကပ်လှေကားအိမ်ပါသော သရက်ကင်း အုတ်လှေကားကြီးများ၊ အဆောင်များကို ကျွန်းသစ်ဖြင့် တည်ဆောက်ခဲ့ ကြောင်း ဖော်ပြထားသည်။
ထို့အတူ ရတနာပူရ စတုတ္ထမြို့တည် နန်းတည် သံလျက်စွန်းမြေတွင် ဆောက်လုပ်ခဲ့သည့် ရေနန်းတော်တွင်မူ ဆင်ကပ်လှေကားအိမ်ပါ သရက်ကင်း အုတ်လှေကားကြီး ၅ စင်း၊ ပြဿဒ်နှင့် ဇေတဝန်ဆောင်အပါအဝင် အဆောင် စုစုပေါင်း ၁၈ ဆောင်ပါဝင်သည်ကိုလည်း ပုရပိုက် တစ်ခုတွင် တွေ့ရှိရသည်။
အဆောင် ၁၈ ဆောင်အနက် ရေအိမ်တော်ပါ ထည့်တွက်ပါက အဆောင် ၂၀ ရှိမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ အဆောင်များကို မြန်မာ့ဗိသုကာနည်းပညာအတိုင်း မြေဝင်တစ်သူ၊ ကျောရပ်တစ်လံ၊ အမြင့်တွင် ကြမ်းခင်းလျက် အပေါ်ပိုင်းတွင် သက်ဆိုင်ရာ မင်းခမ်းမင်းနား အဆောင်များ ပါဝင်မည်ဟု ယူဆရပါသည်။
မြန်မာ့သမိုင်းတွင် ရေနန်းတော်ဟူသည် အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီး၍ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ အတာရေသဘင်ပွဲဆင်နွှဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါသည့် အဆောင်တော်များလည်းဖြစ်ကြောင်း သိရပါသည်။
ယခုတွေ့ရှိရသည့် ရေနန်းတော်ဟု ယူဆနေကြသည့် အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် ငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ၆.၄.၂၀၂၅ ရက်နေ့မှ စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား ၁၀ ပေ ၆ လက်မ၊ အနက် ၃ ပေ ၈ လက်မ၊ အုတ်ခံထောင့်ချိုး ၂ ပေ ၆ လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး ၁၈ လက်မ၊ လက်ရုံးဒေါင့်ချိုး ၈ လက်မ၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး ၁၁ ပေ ၄ လက်မတို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိပါသည်။
လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက်အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်နိုင်ကြောင်းနှင့် အလျား ပေ ၂၀၀ မှ ၂၅၀ ပေနှင့် အနံ ပေ ၂၀၀ ခန့် သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း အနီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား ၈ ခုမှ ၁၀ ခုအထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း၊ ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်း၊ ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ပါကြောင်း၊ အချုပ်အားဖြင့် ပုရပိုက်တွင်ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိ သုံးသပ်ရပါသည်။
သို့ဖြစ်ပါ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံအမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။