
၂၈.၃.၂၀၂၅ ရက်နေ့တွင် ပြင်းအား ရစ်ချက်စတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မန္တလေးနှင့် အင်းဝဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပါသည်။
ယခင်ကအင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူခဲ့သော်လည်း မျက်မြင်အနေအထားအရ နှစ်ထပ်စေတီမရှိခဲ့ကြောင်း၊ ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း သမိုင်းဝင် အမွေအနှစ်အဆောက်အအုံ ၇၅% ခန့် ထိခိုက်ပျက်စီးခဲ့ရပါသည်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျ ကောက်ယူရာတွင် ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကို ငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန် ဘုရားအနီး အမှတ် ၉၃ စေတီတွင် (၁) ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် (၂) ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် (၁) ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင် (၁) ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင်ယာခင်းအနီးတွင် (၂) ဆူ၊ ရှင်ပင်ခရေသီး တွင် (၁) ဆူ၊ အနောက်ရိပ်သာဝင်းတွင် (၁)ဆူ၊ ပုလိပ်ဘုရားစုတွင် (၁)ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင် (၁)ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာ တွင် (၁)ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင် (၁)ဆူ၊ စုစုပေါင်း (၁၃)ဆူ ကိုစိစစ်တွေ့ရှိရပါသည်။
ထို့ပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် (၁)ဆူ၊ မြစ်ငယ်တွင် (၃)ဆူ၊ စာတိုး မြို့ပြင်ကြီးတွင် ၁ ဆူ စုစုပေါင်း ၃ ဆူကိုစိစစ်တွေ့ရှိရပါသည်။
ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ အကြားရှိ ဘုရားနီ ဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်များကွာကျ၍ အတွင်းတွင် အင်းဝခေတ်နှောင်းပိုင်း ကတည်းက တည်ထားခဲ့သည်ဟု ယူဆရသော စေတီရှိပြီး ၎င်းစေတီအား အမရပူရခေတ်တွင် တစ်ကြိမ် ထပ်မံငုံ၍ တည်ထားသည်ကို တွေ့ရှိရပါသည်။
အင်းဝဒေသတွင်လည်း ပထမအင်းဝခေတ်၌ တည်ထားခဲ့သော ဘုရား (၉)ဆူအနက် အချို့ ဘုရားများသည် ညောင်ရမ်းခေတ်တွင် ဒုတိယအကြိမ် ငုံ၍ ထပ်မံမွမ်းမံပြင်ဆင်ထားသည်ကို လည်းကောင်း၊ အချို့သည် ပထမအင်းဝခေတ်နှောင်းပိုင်းတွင်ပင် ထပ်မံငုံ၍ မွမ်းမံပြင်ဆင်ထားသည်ကိုလည်းကောင်း ကနဦးစစ်ဆေးတွေ့ရှိကြောင်းသတင်းရရှိပါသည်။