
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ်- ၁၄၉၉ (မီးငြိမ်းကုန်းဘုရား) သည် ပုဂံမြို့ဟောင်းအတွင်း ပုဂံမြို့ရိုးတောင်ဘက်တွင်တည်ရှိပြီး ဉာဏ်တော် အမြင့် (၁၃၀) ပေ ရှိသော အေဒီ (၁၂) ရာစုလက်ရာ Grade-1 အဆင့်ရှိ တစ်ထပ်ဂူဘုရားတစ်ဆူ ဖြစ်ပါသည်။ အဆိုပါ မီးငြိမ်းကုန်းဘုရားသည် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) အဖွဲ့၏ (Phase II) ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်မည့် ဘုရားစာရင်းတွင် ပါဝင်သော ဘုရား တစ်ဆူ ဖြစ်ပါသည်။
၁၉၇၅ ပုဂံငလျင်တွင် ကွမ်းတောင်အထွတ်ပိုင်း ပျက်စီးခဲ့ပါသည်။ ယခင်ပြုပြင်ထိန်းသိမ်းမှုများအနေဖြင့် ၁၉၇၆-၁၉၇၈ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်း၊ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ပြုပြင် ထိန်းသိမ်းခြင်း၊ ၂၀၁၆ ခုနှစ်တွင် ငလျင်ဒဏ်သင့်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်း၊ ၂၀၂၀ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး သံဟင်ဂလန်ဖြင့် ထောက်ပေးခြင်း၊ အနားသတ် ကြားသိပ်ခြင်း၊ ပစ္စယံအဆင့်များတွင် ရေပိတ်လွှာလောင်းခြင်းနှင့် အခြားလိုအပ်သည့်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်၍ ထိန်းသိမ်းခဲ့ပါသည်။
ဘုရား၏ အနောက်တောင်ထောင့်ရှိ တိုက်မနံရံသည် ၂၀၁၆ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့သဖြင့် မပြတ်စောင့်ကြည့် စစ်ဆေးနေသည့်ဘုရားလည်း ဖြစ်ပါသည်။၂၈.၃.၂၀၂၅ ရက်နေ့တွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံဌာနခွဲမှတာဝန်ရှိသူများက မီးငြိမ်းကုန်းဘုရားသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ၂၀၁၆ ငလျင်ဒဏ်ကြောင့်အက်ကွဲခဲ့သော မူလအက်ကွဲကြောင်းမှာ ပိုမိုကြီးမားလာခြင်း မရှိသည်ကို စိစစ် တွေ့ရှိရပါသဖြင့် အမွေအနှစ်ချစ်မြတ်နိုးသူများအနေဖြင့် စိုးရိမ်ကြောင့်ကြမရှိကြပါရန်နှင့် ဌာနအနေဖြင့်လည်း ASI အဖွဲ့က ( Structural works ) မဆောင်ရွက်မီကာလတွင် အဆိုပါအက်ကွဲကြောင်းကို မိုးရေများ မဝင်နိုင်စေရန်နှင့် ကြံ့ခိုင် ထိန်းသိမ်းနိုင်ရန်အတွက် ငြမ်းဆင်ခြင်း၊ ဓာတုဗေဒဆေးအသုံးပြု၍ အတွင်း Mortar ကျစ်လစ် သိပ်သည်းစေရန် Consolidation ဆောင်ရွက်ခြင်း၊ Pozzolan အသုံးပြု၍ Grouting လောင်းခြင်း၊ အက်ကွဲကြောင်းအတွင်း အသားဖြည့်ခြင်း (Pointing Work)နှင့် Crack Monitor (၃)ခု တပ်ဆင်၍ အက်ကွဲကြောင်းအခြေအနေအား မပြတ်စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း နှင့် Conservation Procedure လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။