
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ၂၈-၄-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားနှင့် ရင်ပြင်ပေါ်ရှိ ထိခိုက်ပျက်စီးခဲ့သော နေရာများ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်၊ မြနန်းစံကျော်ရွှေနန်းတော်ယဉ်ကျေးမှု ပြတိုက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးနှင့် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မဟာမုနိဘုရားသို့ ရောက်ရှိရာ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တန်စောင်း၊ မုခ်ဦးပြုပြင်ထိန်းသိမ်းမှုများ များကို မဟာမုနိဘုရား ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့မှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ မဟာမုနိ ဘုရားရုပ်ပွားတော်အား ငလျင်ဒဏ်ခံနိုင်ရေးအတွက် အများပြည်သူအား ဆက်လက်ရွှေချခြင်း မပြုစေဘဲ ရုပ်ပွားတော်ရှိ အဆင်တန်ဆာများအား ဝန်ပေါ့အောင် စနစ်တကျဖြုတ်သိမ်း၍ မှတ်တမ်းတင်ထားရှိရန်၊ မလိုအပ်သော အဆင်တန်ဆာများကို ပြခန်းတွင် ပြသထားရှိသွားရန်၊ အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ရှိ ထိခိုက်ပျက်စီးခဲ့သော နံရံပန်းချီများကို မူလအစိတ် အပိုင်းကို ရနိုင်သလောက် ပြန်ဆက်ရန်၊ နဂိုရှိရင်း နံရံဆေးရေးပန်းချီမှတ်တမ်းဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး နံရံပန်းချီအပိုင်းအစများကို မူလပုံစံအတိုင်းရရှိအောင် ပြန်လည် ဆောင်ရွက်သွားရန်၊ နံရံပန်းချီထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက်၊ အသုံးပြုမည့်ဆေး အမျိုးအစား၊ ဦးစားပေးဆောင်ရွက်မည့်နေရာ အစရှိသည်တို့ ပါဝင်သော စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မဟာမုနိဘုရားရှိ ကြေးရုပ်ပြတိုက်မှလဲသွားသော အရုပ်ကို ပြန်လည်တည့်မတ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကွဲအက်သွားသော ပဒုံမင်း ကောင်းမှုခေါင်းလောင်းကို ပြန်လည်ပြုပြင်ရန်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း လမ်းညွှန် မှာကြားသည်။
ဆက်လက်၍ လမ်း၈၀၊ ၂၄x ၂၅ ကြားရှိ မန္တလေးယဉ်ကျေးမှုပြတိက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီး၊ ပြသပစ္စည်းများနှင့် ပြန်လည်ပြုပြင်ထားသည့် မှတ်တမ်း ဓာတ်ပုံများနှိုင်းယှဉ်၍ မှတ်တမ်းအဖြစ်ပြသသွားရန်နှင့် စာကြည့်တိုက်ရှိ သတင်းစာများကို နှစ်အလိုက် သတင်းစာများကို နှစ်အလိုက် စာအုပ်ချုပ်၍ သိမ်းဆည်းသွားရန်လမ်းညွှန်မှာကြား သည်။
မြနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက်တို့သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု နည်းခြင်းသည်ခင်းကျင်းပြသရာတွင် မူလကပင် ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်ခဲ့၍ နောင်တွင် မည်သည့်ပြတိုက်မဆို အလားတူ ငလျင်ဒဏ်ခံနိုင်အောင် ခင်းကျင်းရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။