
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယ ဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၂၉-၄-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးမြို့၊ မင်္ဂလာစေတီမှ အင်းဝမြို့ဟောင်း၊ တတိယမြို့ရိုးသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ဘကြီးတော်မင်းတရားကြီးလက်ထက်က မင်းသားကြီးမောင်အိုက အေဒီ ၁၈၂၇ ခုနှစ်တွင် ပြုပြင်ဖောက်လုပ်ထားသည့် မဟာဇေယပထ မောင်အိုအုတ်လမ်းသို့ ရောက်ရှိပြီး မောင်အိုအုတ်လမ်း ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ မြစ်သာမြစ် တူးမြောင်း ကို Box Culvert ပြုလုပ်ပါက ဒေသအတွင်း ရေကြီးရေလျှံ ရေလွှမ်းမိုးမှုကို လျှော့ချနိုင်မည်ဖြစ်၍ စနစ်တကျတွက်ချက်ကာ ပုံကြမ်းရေးဆွဲ၍ ပြန်လည်တင်ပြသွားရန်၊ မဟာဇေယပထ မောင်အိုအုတ်လမ်းတံတားတည်ကျောက်စာဓာတ်ပုံနှင့် မြန်မာအက္ခရာဖလှယ်၍ ယှဉ်တွဲတင်ပြ ပေးရန်၊ အင်းဝမြို့ဟောင်း တတိယတောင်ဘက်ကျုံး ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်း၍ ခန့်မှန်းတွက်ချက်တင်ပြသွားရန်နှင့် ပြန်လည်ဖော်ထုတ်မည့် ကျုံး၏ အတိုင်းအတာကိုစိစစ်၍ တင်ပြသွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် တောင်ပေါ်တိုက်ဘုရားစုများဖြစ်သည့် ရှေးဟောင်းအဆောက်အအုံအမှတ် ၂၃၃၊ ၂၃၄ ငလျင်ကြောင့် ပျက်စီးနေမှုများကြည့်ရှုစစ်ဆေးပြီး ပြန်လည်ဆယ်တင်ရရှိနိုင်သော ရှေးဟောင်းအုတ်ချပ်များကို မပျက်စီးအောင်အချိန်ယူ၍ စနစ်တကျ ခွဲခြားစုဆောင်းထားရှိရန်နှင့် ထိခိုက်ပျက်စီးမှု ကြီးမားများပြားသော ရှေးဟောင်းအဆောက်အအုံများကို အလျင်စလိုမပြုလုပ်ဘဲ ဘေးအန္တရာယ်ကင်းရှင်းအောင် ဦးစွာဆောင်ရွက်ပြီး စနစ်တကျရှင်းလင်းဖယ်ရှားရန်၊ လောက ထိပ်ဦးဘုရားစုမှ ရှေးဟောင်းအဆောက်အအုံကိုလည်း ပြန်လည်ပြုပြင်နိုင်သရွေ့ ကြိုးစားပြုပြင် ထိန်းသိမ်းရန်နှင့် ရှေးအုတ်များအားပြန်လည်ဆယ်တင် အစားထိုးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အေဒီ ၁၆၀၂ ခုနှစ်တွင် ညောင်ရမ်းမင်းတည်ခဲ့သော မဟာမြတ်မုနိဘုရား (ခေါ်) စန္ဒာမုနိဘုရားတွင် ရန်ကုန်မြို့မှ ဆရာတော် ဦးပညာသာရဦးစီးသောပရဟိတအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ အပျက် အစီးများ ဖယ်ရှားရှင်းလင်းခြင်းကို စုပေါင်းလုပ်အားပေး ဆောင်ရွက် နေမှုများကို ကြည့်ရှု အားပေးပြီး အလှူငွေပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် လေးထပ်ကြီးဘုရား ငလျင်ဒဏ်ကြောင့် ပြိုပျက်မှုကိုကြည့်ရှုပြီး အင်းဝခေတ်၏စံနမူနာထားရလောက်သည့် အင်္ဂတေ ပန်းလက်ရာ များကိုလည်း ကြိုးစားဆယ်တင်ပေးရန် မှာကြားခဲ့ပါသည်။ ထို့နောက် အင်းဝ ရှေးဟောင်း သုတေသနပြတိုက် ထိခိုက်ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှ ပညာရှင်များနှင့်ညှိနှိုင်းတိုင်ပင်၍ ပြုပြင်ပြင်ဆင်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ လုပ်ငန်းအစီအစဉ်များဆွေးနွေးရန်၊ ပြတိုက်အတွင်းရှိ ပြသပစ္စည်းများ ငလျင်ကြောင့် ထိခိုက်ထားမှုများကို ကြိုးစားပြုပြင်ရန်၊ ထပ်မံထိခိုက်မှုမရှိစေရေးအတွက် နေရာပြောင်းရွှေ့ ထားရန်နှင့် ရှားပါးသစ်သားလက်ရာဖြစ်သည့်ပလ္လင်တံကဲကို စနစ်တကျ နံပါတ်များတပ်၍ ဖြုတ်သိမ်း ထားရှိရန် မှာကြားပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေဒီ ၁၇၃၃ တွင် တည်ထားခဲ့သည့် လောကသရဖူ ဘုရား ထိခိုက်ပျက်စီးမှုများကို သွားရောက်ကြည့်ရှုပြီး ပြန်လည်ပြုပြင်နိုင်ရန် ပညာရှင်နှင့် ဆက်သွယ်၍ တွက်ချက်တင်ပြပေးရန်၊ ရေရှည်ကြံ့ခိုင်စေရေးနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များကိုပါ တွက်ချက်၍ ကြိုတင်စီမံဆောင်ရွက်ရန်၊ ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအုတ်များကို စနစ်တကျ ခွဲခြားသိမ်းဆည်းထား၍ ပြန်လည် အသုံးပြုသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လောကသရဖူဂေါပက အဖွဲ့ထံ အလှူငွေ ကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အေဒီ ၁၇၈၂ ခုနှစ် ဘိုးတော်ဘုရားလက်ထက်က ကျွန်းတိုင်(၂၆၇)လုံးဖြင့် တည်ဆောက်ခဲ့သည့် ဗားကရာသစ်သား ကျောင်းတော်ကြီးသို့ရောက်ရှိပြီး ထိခိုက် ပျက်စီးသောအစိတ်အပိုင်းများကို ပြန်လည်ပြုပြင်ရန် မှာကြားခဲ့ပြီး ကျောင်းထိုင် ဘုန်းတော်ကြီးအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်းစသည့် ဒေသများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အဖွဲ့ (၈)ဖွဲ့ ဖွဲ့စည်း၍ UNESCO Guide Line နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး Assessment များ ကောက်ယူ လျက်ရှိပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို ဦးစားပေး အဆင့် သတ်မှတ်ခွဲခြားလျက် ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ပုဂံငလျင်ဖြစ်ပွားခဲ့ပြီးနောက် UNESCO ပညာရှင်များ လာရောက်ပြုစု သင်ကြားပေးခဲ့သည့် ပုံစံ၊ စနစ်၊ ဇယားများအား မှီငြမ်းနမူနာယူ၍ ရှေးဟောင်းစေတီ၊ ပုထိုးများ၏ ဗိသုကာနှင့် အနုပညာလက်ရာများအား စိစစ်မှတ်တမ်းပြုစုလျက်ရှိပါကြောင်း၊ အင်းဝဒေသသည် ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုရှိသည့်အနက် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက် အအုံ ၆၁၄ ခု စစ်ဆေးတွေ့ရှိကာ စာရင်းကောက်ယူပြီးစီး၍ အသေးစိတ်စာရင်းသွင်းမှု ၅၀၀ ကျော် ပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Grading ခွဲပြီးပါက ပြုပြင်ထိန်းသိမ်းခြင်းကို ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပညာရှင်များ၏ အကြံပြုချက်များနှင့်အဆင့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ကြပါသည်။
လေးကျွန်းမြင့်မိုရ်ဘုရား(ခ)ကြောင်လိန်ဘုရားသည် အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်းကြီးလေးကျွန်းကိုရံ၍ အလယ်ဗဟိုတွင် မြင့်မိုရ်တောင်ပေါက်သည့်နှယ် ရှေး မြန်မာ တို့၏ လေးကျွန်းတစ်မြင့်မိုရ် စကြာဝဠာအယူအဆကို အခြေခံ၍ တည်ဆောက် ထားသော ဘုရား ဖြစ်သည်။ တနင်္ဂနွေမင်းတည်ထားခဲ့သည့် ဗိသုကာလက်ရာအလွန်ထူးခြားသည့် ညောင်ရမ်းခေတ် လက်ရာ ရှားပါးဘုရားတစ်ဆူဖြစ်သဖြင့် ထပ်မံပြိုပျက်မှုမဖြစ်စေရန် ယာယီဒေါက်များ ထောက်ခြင်း၊ အမိုးအကာများ ပြုလုပ်ခြင်း၊ အရေးပေါ်ရေမဝင်အောင် ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
လောကဒုဿမာန်အောင်ဘုရားသည် အလောင်းတော် သိဒ္ဓိတ္ထမင်းသား တောထွက် လာသောအခါ ဃဋိကာယ ဗြဟ္မာမင်းကြီးဆက်ကပ်လာသော ကြာသင်္ကန်းနှင့် လဲလှယ်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစားများကို ဗြဟ္မာပြည်တွင် ဌာပနာပြု၍ တည်ထားခဲ့သည့် ဒုဿမုနိ စေတီတော်အား ရည်မှန်းကာ လောကကမ္ဘာမြေပေါ်တွင် တည်ဆောက်သည့်အတွက် လောက ဒုဿမာန်အောင်ဘုရားအဖြစ် ရည်မှန်းကာ တည်ထားခြင်းဖြစ်၍ စနစ်တကျ ရှင်းလင်း ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအနည်းအကျဉ်းသာဖြစ်ပေါ်ခဲ့သည့် ညောင်ရမ်းခေတ် တည်ခဲ့သည့် မြင့်မိုရ်တောင်ဘုရားသည် အလောင်းတော် သိဒ္ဓတ္ထိဘုရား တောထွက်လာစဉ် အနော်မာ သောင်ကမ်း၌ ရိတ်ပယ်လိုက်သော ဆံတော်ကို သိကြားမင်းက ပင့်ဆောင်၍ တာဝတိံသာ နတ်ပြည်တွင် တည်ထားခဲ့သော စူဠာမုနိစေတီတော်သဖွယ် အာလိန်ငါးဆင့်ရံ၍ စောင်းတန်း သုံးသွယ်နှင့်မြင့်မိုရ်တောင်သဏ္ဌာန်ဖန်တီးကာ ထိပ်တွင်အထွတ်စေတီ တည်ထား ခဲ့ခြင်းဖြစ်၍ စနစ်တကျ ရှင်းလင်းထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။
ထို့နောက် ညောင်ရမ်းခေတ် တနင်္ဂနွေမင်းတည်ခဲ့သည့် ဝင်္ကပါဘုရားသည် ဘုရား အလောင်းတော်ပါရမီ(၁၀)ပါး အပြား(၃၀)ကို ဖြည့်ကျင့်ခဲ့သည့် ရင့်မာတစ်ကျိပ်ဟု တင်စား လေ့ရှိသော ဇာတ်ကြီး(၁၀)ဘွဲ့မှ နောက်ဆုံး ဘဝဖြစ်သော ဝေဿန္တရာမင်းကြီးဘဝတွင် တောင်စဉ်အထပ်ထပ် ခြံရံလျက်ရှိပြီး ဂန္ဓမာတောင်၊ မဟာနန္ဒမူ လိုဏ်ဂူသို့ထွက်၍ ဖြည့်ကျင့် ခဲ့ရသော ပါရမီတော်ကိုယ်စားအဖြစ် တည်ထားခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် အပေါ်ထပ် တက်သောလှေကားအိမ်နေရာ ထိခိုက်ပျက်စီးခဲ့သဖြင့် ရေမဝင်ရန်၊ အမိုးအကာပြုလုပ်ရန်နှင့် ရှားပါးလက်ရာများဖြစ်သည့်အတွက် အမြန်ဆုံးပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပထမအင်းဝခေတ်က မင်းကြီးစွာစော်ကဲ အေဒီ ၁၃၇၀ တွင် တည်ထားခဲ့ပြီး ညောင်ရမ်းမင်းအဆင့်ဆင့် အထူးအလေးထားကိုးကွယ်ခဲ့သည့် အင်းဝရွှေစည်းခုံစေတီတော်သို့ ရောက်ရှိပြီး ယခင်ရှေးခေတ်ကာလက ခေတ်အဆက်ဆက် ကလည်း ပြိုကျပျက်စီးမှုရှိခဲ့သည့် မှတ်တမ်းများရှိသည်နှင့်အညီ ယခုငလျင်ကြောင့် ထိခိုက်ပျက်စီး မှုများကို စနစ်တကျရှင်းလင်း၍ နောင်ငလျင်ဒဏ်ခံနိုင်ရန်ပါ ထည့်သွင်းတွက်ချက်၍ ပြန်လည် ပြုပြင် တည်ဆောက်သွားရန်ဖြစ်ကြောင်း ဂေါပကအဖွဲ့အား မှာကြားကာ စေတီကြီး ထိခိုက် ပျက်စီးမှုရှင်းလင်းရေးနှင့် ပြုပြင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ မဟာရတနာဘုံမ်သာ သစ္စာတိုက်ဘုရားသို့ ရောက်ရှိပြီး ခေတ်အဆက် ဆက်ပြုပြင်ထိန်းသိမ်းခြင်း၊ ထုံးသုတ်ခြင်းကြောင့် မူလအတွင်းစေတီနှင့် နံရံပန်းချီများ ပျောက်ကွယ်နေခဲ့သော်လည်း ယခုငလျင်ကြောင့် အတွင်းမူလစေတီနှင့် မူလရွှေရေးနံရံပန်းချီ အချို့ပေါ်ထွက်လာမှုကို ကြည့်ရှု၍ စနစ်တကျထိန်းသိမ်းပေးရန်၊ ရှေးခေတ်သရွတ်စပ်နည်းကို ဆက်လက်သုတေသနပြု၍ သုံးစွဲရန် မှာကြားခဲ့ပါသည်။
ထို့နောက် စတုတ္ထအင်းဝမြို့တည် ဘကြီးတော်မင်း အေဒီ ၁၈၂၂ တွင် တည်ဆောက် ခဲ့သည့် အမြင့်ပေ ၆၀ ရှိသည့် နန်းမြင့်မျှော်စင် ပြိုကျပျက်စီးနေမှုကို လည်းကောင်း၊ အေဒီ ၁၈၂၂ တွင် ဘကြီးတော်မင်းနှင့် နန်းမတော်မယ်နု တို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် အောင်မြေဘုံစံအုတ်ကျောင်း(ခ) မယ်နုအုတ်ကျောင်းသို့ ရောက်ရှိပြီး အလျား ၁၉၂ ပေ၊ အနံ ၁၀၂ ပေ၊ အမြင့် ၉၄ ပေရှိသည့် အုတ်၊ အင်္ဂတေဖြင့် တည်ဆောက်ခဲ့သည့် မယ်နုအုတ်ကျောင်း သည် အေဒီ ၁၆၃၈ ကလဲ ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ပြီး မယ်နု၏ သမီးတော် ဆင်ဖြူမရှင် ပြန်လည်ပြုပြင်ခဲ့ကြောင်း၊ ယခု ၂၀၂၅ ငလျင် ကြောင့် မယ်နုအုတ်ကျောင်း၏ မြောက်ဘက် တစ်ခြမ်းလုံး ထိခိုက်ပျက်စီးခဲ့သည်ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံးနည်းလမ်း ရှာဖွေဆွေးနွေးသွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ထီးလှိုင်ရှင်ဘုရားစုထိခိုက်ပြိုပျက်နေမှုကိုလည်းကောင်း၊ အင်းဝရွှေနန်း ကျော့ရှင် နရပတိ၏ နန်းတည်ကျောက်စာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက်ဆုံး လှူဒါန်းခဲ့သည့် အလှူရှင်များသို့ ဆက်သွယ်၍ ပြုပြင်နိုင်မှုကို တင်ပြရန်၊ ပြုပြင်နိုင်ခြင်းမရှိပါက အလှူရှင်များဖိတ်ခေါ်၍ ပြုပြင်သွားရန်၊ ပြုပြင်ရာတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်ဖြစ်သည့် နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ အရည်အသွေးစံချိန်စံညွှန်းမှီပြုပြင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။