
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၃၀-၄-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် စေတီ၊ ပဟိုရ်စင်၊ စွယ်တော်စင်၊ ဥပုသ်တော်ဆောင်၊ မန္တလေးနန်းမြို့ရိုး၊ မဟာမုနိဘုရားနှင့် ထိခိုက်ပျက်စီးသော စေတီ၊ ဘုရားများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၂၂၀ ခုနှစ်တွင် ပန်းပဲဝန် ဦးမှိုက ကြီးကြပ်၍ မင်းတုန်းမင်းကြီး၏ မြောက်နန်းမိဖုရားလှူဒါန်း တည်ထားခဲ့သော နန်းမြို့ဆုတောင်းပြည့် စေတီတော်သို့ ရောက်ရှိခဲ့ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင် ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေး၍ မူလလက်ရာအတိုင်း တူညီအောင်ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဓမ္မာရုံအတွင်း ကိန်းဝပ်စံပါယ်နေသော မင်းဘိသိက်ခံဘုရားနှင့် ခေတ်အဆက်ဆက်ရှေးဟောင်းဆင်းတုတော်များကို ဖူးမြော်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ နန်းမြို့ဆုတောင်းပြည့်စေတီတော်သည် မန္တလေး ရတနာပုံမြို့တော် မတည်ဆောက်မီကပင် တည်ရှိခဲ့ပြီး ပုဂံမင်းကိုအောင်မြင်၍ မင်းတုန်းမင်း နန်းတက်သည့် အတွက်ကြောင့် “ရန်အောင်မြင်” ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ဆင်းတုတော် ကိန်းဝပ်စံပါယ်ရာ စေတီတော်ကြီး၏အရှေ့ဘက်ရှိ ဂန္ဓကုဋီပြာသာဒ်သည် ရတနာပုံခေတ်ဦး မင်းတုန်းမင်းကြီး၏ အဆင့်ဆင့်သော ဝန်ကြီး၊ မှူးမတ်၊ အမှုထမ်းများအား သစ္စာပေးရာ သစ္စာတိုက်ဘုရားဖြစ်ပြီး မူလက အတွင်းနံရံတွင် ဆေးရေးပန်းချီများ ရေးဆွဲထားခဲ့သော ပြာသာဒ် ဖြစ်၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန်နှင့် နောင်ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကိုပါ မျှော်မှန်း၍ ကြိုတင်အားဖြည့်စီမံဆောင်ရွက်ကာ ကောင်းမွန်ခိုင်ခန့် စေသော ပစ္စည်းများသုံးစွဲ၍ ပြုပြင်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးရတနာပုံနေပြည်တော်နှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီးမတည်ဆောက်မီ တောရှင်းမြေညှိပြီးချိန်တွင် တစ်ပြိုင်နက် တည်ထားခဲ့သည့် စွယ်တော်စင်၊ ပဟိုရ်စင်၊ လွှတ်တော်၊ လက်နက်တိုက်စသည့် (၄)ဌာနတွင် တစ်ခု အပါအဝင် ဖြစ်သော စွယ်တော်စင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက် ပျက်စီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး စွယ်တော်စင်သည် နန်းတော်ဆောင်၏ ဘုရားစင်အဖြစ် တည်ထားခြင်းဖြစ်ကာ နန်းစဉ်ဘုရားများ၊ ဘိသိက်ခံဘုရားနှင့် ရှေးမင်းအစဉ်အဆက် ကိုးကွယ်ခဲ့သော ဘုရားများ ကိန်းဝပ်စံပါယ်ခဲ့သော အဆောက်အအုံတစ်ခုဖြစ်၍ ရှေးမူလက်ရာမပျက် ပြန်လည်ထိန်းသိမ်းရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပဟိုရ်စင် ပျက်စီးမှုနှင့် ယာယီအမိုးပြုလုပ်ထားမှုကို ကြည့်ရှုစစ်ဆေးပါ သည်။ ပဟိုရ်စင်သည် နန်းတက်သောဘုရင်၏ မွေးနေ့၊ မွေးနံနှင့် ကိုက်သော သစ်ပင်၏ အသား၊ အပေါက်အနာအဆာမရှိသော ပင်စည်ကို ဖြတ်၊ ခုတ်၊ လှဲပြီး အသားသေအောင် ပြုလုပ်ပြီးမှ စည်ထွင်းပြီး နက္ခတ်၊ နာရီ များနှင့်တိုက်၍ စည်တော်ကိုကျက်ကာ ပဟိုရ်စည်တော်အဖြစ် ပြုလုပ် ထားခြင်းဖြစ်ကြောင်း၊ ပဟိုရ်စည်တီးသောဓလေ့သည် ကိုယ့်ထီးကိုယ်နန်း ကိုယ့်အရှင်သခင် ရှိသော လွတ်လပ်မှု၏ပြယုဂ်အဖြစ်သာမက နန်းတက်သောဘုရင်၏ အချုပ်အခြာအာဏာ သက်ရောက်နေသည်ဟု အဓိပ္ပာယ်ရသည့်အတွက် နိုင်ငံတော်အတွက်လည်း အရေးကြီးလှပါ ကြောင်း၊ ရတနာပုံရွှေမြို့တော်ကြီး မတည်မီကပင် အရေးကြီးသော အဆောက်အအုံ(၄)ခုကို တစ်ပြိုင်တည်း တည်ဆောက်ခဲ့ရာတွင် ပဟိုရ်စင်သည် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဂရုပြု၍ စနစ်တကျဆောင်ရွက်သွားရန်နှင့် မူလပုံသဏ္ဌာန် မပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဥပုသ်တော်ဆောင်၏ ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပါ သည်။ ဥပုသ်တော်ဆောင်သည် ရှေးယခင်က မင်းတုန်းမင်းကြီး ဥပုသ်သီလဆောက်တည် အသုံးပြုခဲ့သည့် အဆောက်အအုံဖြစ်ပြီး အတွင်းနံရံတွင် စတုလောကပါလ နတ်မင်းကြီးလေးပါး၊ ဘုံစဉ်စံနတ်မင်းကြီးများပါဝင်သော နံရံဆေးရေးများရှိသောကြောင့် မပျက်စီးစေရန်နှင့် မူလ ပုံသဏ္ဌာန်မပျက် စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြနန်းစံကျော်ရွှေနန်းတော်ကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား စစ်ဆေးကြည့်ရှုပြီး ပြုတ်ကျသော ဖောင်းတန်းပန်းများနှင့် ရွဲ့စောင်းနေမှုများကို ပြန်လည်ပြုပြင်ပြီး လိုအပ်သည့်အပိုင်းများအလိုက် ပြင်ဆင်ထိန်းသိမ်းသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးနန်းမြို့ရိုးပတ်ပတ်လည်သို့ သွားရောက်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နန်းမြို့ရိုး(၄၈၃၉)ပေ၊ သူရဲခို(၁၂၅၅) လုံး၊ မြို့ရိုး ဝင်ပေါက် ပြအိုးနှင့်ပြာသာဒ်ဆောင်(၉)ခု၊ မီးတား (၁၂)ခုတို့မှ အုတ်ကျိုးအပိုင်းအစများ၊ နံရံအောက်ခြေရှိ အုတ်ခဲကျိုး အပိုင်းအစများကိုအပြီးသတ်ရှင်းလင်းခြင်း၊ သစ်သားပြာသာဒ်များ၏ ထီးတော်တိမ်းစောင်းမှုများ တည့်မတ်ခြင်းလုပ်ငန်းများကို တပ်မတော်မှ အရာရှိ၊ အရာခံ စစ်သည် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ဝန်ထမ်း များပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးမှ ကြည့်ရှုအားပေးခဲ့ပြီး ပျက်စီးမှုများကို မိုးမကျမီ အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားရန်၊ မိုးရေဝင်၍ ထိခိုက်ပျက်စီးမှုမရှိစေရန်အမိုးအကာများ မိုးမကျမီကာရံပေးရန်နှင့် ဦးစားပေးအလိုက် ပြန်လည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကာလအလိုက်စီမံချက် ရေးဆွဲဆောင်ရွက်သွားရန် မှာကြား ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့်အတူမဟာမုနိဘုရားသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အာရုံခံတန်ဆောင်း၊ မုခ်ဦးများ ရှင်းလင်းထိန်းသိမ်းမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ရှိ ထိခိုက်ပျက်စီးခဲ့သော နံရံပန်းချီများကို ဌာနတွင် မှတ်တမ်းထားရှိ ထားပြီးဖြစ်သည့် နံရံဆေးရေးပန်းချီမှတ်တမ်း ဓာတ်ပုံများနှင့် တိုက်ဆိုင် စစ်ဆေးပြီး နံရံပန်းချီ အပိုင်းအစများကို မူလပုံစံအတိုင်းရရှိအောင် ပြန်လည်တွဲဆက်ခြင်းကို ကြိုးစားဆောင်ရွက်သွားရန်၊ ဘုရားကြီး၏ပင်မ ဂန္ဓကုဋီတိုက်မနှင့် ဆက်စပ်အဆောက်အအုံများ၊ စောင်းတန်းများ ပြုပြင်ထိန်းသိမ်းရာတွင် ဩဝါဒဆရာတော်များထံမှ ဩဝါဒခံယူ၍ဆောင်ရွက် ရန်၊ အင်ဂျင်နီယာပညာရှင်များ၊ ငလျင်ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ ပြုပြင်ရန်လိုအပ်သည့် အပိုင်းအလိုက် ယခင်လုပ်ကိုင်ဆောင်ရွက်ခဲ့သူများ၊ ပါဝင်ခဲ့သူများကို ဆက်သွယ်ဆွေးနွေးမေးမြန်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားရန်၊ ပြန်လည်ပြုပြင်ရာတွင် အလှူရှင်များ လှူဒါန်းမှုသာမက ဂေါပကအဖွဲ့ ရန်ပုံငွေများဖြင့်ပါ နောင်ဖြစ်ပေါ် လာနိုင်မည့် သဘာဝဘေးအန္တရာယ်များကိုပါ တွက်ချက်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် အကောင်းဆုံးပစ္စည်း၊ အကောင်းဆုံးနည်းလမ်း၊ အကောင်းဆုံးအရည်အသွေးရရှိအောင်၊ မူလရှိခဲ့သည့်အနေအထားထက် ပိုကောင်းအောင် ရည်ရွယ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ အာနန္ဒာဘုရားသို့ သွားရောက်ခဲ့ရာ အာနန္ဒာဘုရားသည် အမရပူရ မြို့တည်နန်းတည် ဘိုးတော်မင်း၏ သိမ်တော်အဖြစ် စတင်ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၁၂၀၀ ပြည့်နှစ် ငလျင်တွင် ပြိုကျပျက်စီးသဖြင့် သာယာဝတီမင်း၏ တောင်ဆောင်တော်မိဖုရားက ပြန်လည် ပြုပြင်ခဲ့သော်လည်း ပြီးစီးခြင်းမရှိ အင်္ဂတေမချောသေးသဖြင့် သိမ်နီကြီးဟုထင်ရှား ခဲ့သောဘုရား ဖြစ်သည်။ ကိုလိုနီခေတ်တွင် ရသေ့ကြီး ဦးခန္တီပြန်လည်ပြင်ဆင်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ၁၃၂၇ ခုနှစ်မှစ၍ ဆရာတော်များဦးစီး၍ အများကောင်းမှု အဖြစ် အပြီးသတ် ထီးတင်နိုင်ခဲ့ကြောင်း၊ ငလျင်ကြောင့် ပြိုကျပျက်စီးနေသည်များကို ဝိုင်းဝန်း ကူညီဖယ်ရှားပေးရန်နှင့် လိုဏ်အတွင်းမိုးရေမဝင်နိုင်ရန်အတွက် ယာယီမိုးကာများ ဖုံးကဖုံးကပ်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဘုရားနီဘုရားသို့ သွားရောက်စစ်ဆေးရာ ဘုရားနီဘုရားသည် အထောက်အထားများအရ ဘိုးတော်ဘုရား၏ ရွှေတိုက်ဝန် မောင်နှမပြုပြင်ခဲ့ကြပြီး အင်္ဂတေ မချောသဖြင့် ဘုရားနီဟု ထင်ရှားခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင်လည်း ပြန်လည်ပြုပြင် ခဲ့ကြောင်း မှတ်တမ်းရှိသည်။ အထူးသဖြင့် ကမ္ဘာလေးရပ် ကျမ်းကိုင်သစ္စာတိုင်ခြင်းဖြစ်သော ဆီမီးထွန်းပြိုင်ခြင်း၊ ဆန်ဝါးပြိုင်ခြင်း၊ ရေငုပ်ပြိုင်ခြင်းနှင့် သဲပူနှိုက်ပြိုင်ခြင်းတို့နှင့် ပတ်သက်သည့် ခေတ်အဆက်ဆက်မှတ်တမ်းအထောက်အထားရှိခဲ့ပြီး အင်္ဂလိပ်ခေတ် ဂေဇက်တီးယားတွင် ဖော်ပြခြင်းခံရသည့် ဘုရားအဖြစ် ထင်ရှားခဲ့သည်။ ယခုငလျင်ကြီးကြောင့် အတွင်းမှ မူလ အင်းဝခေတ် စေတီကြီးကို ထူးခြားစွာထွက်ပေါ်လာသည့် မန္တလေးမှ တစ်ဆူတည်းသော ဘုရားဖြစ် သည်။ သို့ဖြစ်၍ ၎င်းဘုရားကြီးအား ပြုပြင်ရာတွင် ရှေးမူမပျက် ပြုပြင်ရန်နှင့် မူလနှစ်ထပ် ဘုရားဖြစ်ကြောင်းလည်း ပေါ်လွင်စေရန် ပြုပြင်သည့်အခါတွင် တစ်ပါတည်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ အရိပ်မထွက်ဘုရားသို့ သွားရောက်စစ်ဆေးရာ ပုဂံခေတ် အနော်ရထာမင်း လက်ထက်ကျောက်စာများတွင် အရိပ်မထွက်ဒေသအဖြစ်ဖော်ပြထားပြီး ထိုဒေသ၌ တည်သောစေတီဖြစ်၍ အရိပ်မထွက်ဆုတောင်းပြည့်စေတီအဖြစ်ထင်ရှားပြီး မန္တလေးရတနာပုံ ခေတ်ထက်စောသော စေတီတစ်ဆူဖြစ်သည်။ ဘုရားသမိုင်းအရ တကောင်းပြည်မှ စစ်သူကြီးသည် ရန်သူများကို နှိမ်နှင်းစဉ် ရောက်ရှိလာခဲ့ပြီး “ရန်အပေါင်းမည်သည့်အရိပ်မျှမထွက်စေရ”ဟု အဓိဋ္ဌာန်ပြီးတည်ခဲ့သည့် ဘုရားတစ်ဆူအဖြစ် ထင်ရှားပါသည်။ ပြန်လည်ပြုပြင်ရာတွင် မူလ လက်ရာမပျက်ပြုပြင်သွားရန်နှင့် ထိန်းသိမ်းရာတွင် ပြန်လည်အသုံးပြုနိုင်သည့် ရှေးအုတ်များကို ပြန်လည်အသုံးပြုသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် (မန္တလေး)သို့ သွားရောက်၍ ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုပြီး မူလ အနေအထားအတိုင်း ပြုပြင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကေသရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။