
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယ ဝန်ကြီးဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ၂-၅-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မဟာဂန္ဓာရုံ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်မင်းကြီးဘုရား၊ ရွှေကူကြီးဘုရား၊ ပုထိုးတော်ကြီးဘုရားနှင့် တောင်သမန်ကျောက်တော်ကြီး ဘုရားများသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဘုရား၊ စေတီများ၌ ဌာပနာရန်အတွက် ဆင်းတုတော်၊ စေတီတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော် များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ၂-၅-၂၀၂၅ ရက်နေ့၊ နံနက် (၀၈ : ၀၀) နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ နိုင်ငံတာ်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ နိုင်ငံတာ်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကေသရ အမှူးပြုသည့် ပါမောက္ခ/ဌာနမှူး ဆရာတော် (၉)ပါးတို့က ဆင်းတုတော်၊ စေတီတော်၊ ဓာတ်တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီးနောက် သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ၎င်းနောက် ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညိုကာ ရေစက် သွန်းချ၍ အမျှဝေခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့၊ မဟာဂန္ဓာရုံ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဘိဓဇ္ဇမဟာရဋ္ဌဂုရု၊ အဘိဓဇ္ဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဣန္ဒောဘာသာဘိဝံသ ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်တွင် သီတင်းသုံးတော်မူ ကြသော ဂဏဝါစက စာချဆရာတော်များ၊ စာသင်သားသံဃာတော်များအား နေ့ဆွမ်းလောင်းလှူ ခဲ့ပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ကျောင်းတိုက်အဆောက်အအုံ များကို လှည့်လည် ကြည့်ရှု စစ်ဆေး၍ ဆရာတော်ကြီးမိန့်မှာချက်ဖြစ်သည့် ပျက်စီးသွားသော ကျောင်းဆောင်များကို အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းကူညီပေးကြရန်နှင့် မူလအလှူရှင်များထံဆက်သွယ်၍ လှူဒါန်းနိုင်ရေး ဆောင်ရွက်ပေးရန် ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား မှာကြားပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်မင်းကြီးဘုရားသို့ရောက်ရှိခဲ့ပြီး ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမအမရပူရမြို့နန်းတည် ဘိုးတော်ဗဒုံမင်းလက်ထက်တွင် တောင်မင်းကြီး(ခေါ်)ရွှေတိုက်ဝန် မဟာမင်းလှကျော်စွာ တည်ထား ခဲ့သော ဆင်းတုတော်ကြီးသည် သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် လှုပ်ခဲ့သော ငလျင်ကြီး ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပါသည်။ သက္ကရာဇ် ၁၂၁၂ ခုတွင် အမရပူရမြို့ မြင်းရုံအရပ်မှ လွှထောင်ကြီး ဦးမှုံသည် ပုဂံမင်းထံ အမိန့်ခံပြီး ဆင်းတုတော်ကြီးကို ပြန်လည် ပြုပြင်ခဲ့ရာ မင်းတုန်းမင်းနန်းတက်ပြီး ၁၂၁၄ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ဆင်းတုတော်ကြီး၏ ဒူးခွင်အကျယ်မှာ ၂၁ တောင် ၂ မိုက်၊ ဉာဏ်တော်မှာ ၃၁ တောင်ရှိရာ မြင့်မားလွန်းသည်ဖြစ်၍ အမိုးအကာ အဆောက်အအုံမပါဘဲ ထီးထီးတည်ဆောက် ခဲ့သဖြင့် နေပူခံကိုယ်တော်ကြီးဟု လူသိများခဲ့ပါသည်။ ပုဂံမင်းလက်ထက် အမရပူရခေတ် လက်ရာဟန်ထက် ရတနာပုံခေတ်နှောင်း ဟန်အဖြစ် ဖူးတွေ့ရသည့် ကြီးလေးကြီးဘုရားတွင် အပါအဝင်ဖြစ်သော တောင်မင်းကြီးဘုရားကြီးသည် ထိခိုက်ပျက်စီးမှုကြီးမားသည့်အတွက် ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ ဆင်းတုတော်ကြီးမှာလည်း ဦးခေါင်းတော်နှင့် အစိတ်အပိုင်း အတော်များများ ထိခိုက်ပျက်စီးခဲ့သဖြင့် မူလလက်ရာမပျက် ဆောင်ရွက်နိုင်သည့် ဆင်းတု ပညာရှင်နှင့်ဆက်သွယ် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှု စေတီပေါင်း ၈၄၀၀၀ တွင် အပါအဝင်ဖြစ်သော ရွှေကူကြီးဘုရားသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရွှေကူကြီးဘုရားသည် ပုဂံခေတ်သက္ကရာဇ် ၅၂၆ ခုနှစ်တွင် တိုင်းခမ်းလှည့်လည်လာသော နရပတိ စည်သူမင်းကြီးက ယိုယွင်းပျက်စီးနေသော ထိုစေတီဟောင်းကို လှိုဏ်ခံဘုရားအဖြစ် ပြန်လည် ပြုပြင်ခဲ့ပြီး ဝတ်မိုးဝတ်မြေ လှူဒါန်းမှုဆိုင်ရာ ကျောက်စာရေးထိုးခဲ့ပါသည်။ နရပတိ စည်သူမင်းကြီး ပြန်လည်ပြုပြင်ခဲ့သော ထိုလှိုဏ်ခံဘုရားကို အမရပူရခေတ်တွင် ဘိုးတော်ခေါ်ဗဒုံမင်း၏ သားတော်ကြီးအိမ်ရှေ့ ဥပရာဇာ သီရိမဟာဓမ္မာ ဘိဇယသီဟသူရနှင့် မိဖုရားတို့က သက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ကြပါသည်။ ဘုရားစေတီတော်နှင့်တကွ ဘုရားဦးစောင်းတန်း၊ ရွှေဇရပ်၊ မဟာရာမ်တံတိုင်းတို့က အသစ်ပြုပြင်ပြီး ဝတ်မိုးဝတ်မြေနှင့် ကျွန်သီးတော်များကို ထပ်ဆင့်တိုးချဲ့ လှူဒါန်းခဲ့သည်ကို ကျောက်စာရေးထိုးစိုက်ထူခဲ့ပါသည်။ ငလျင်ကြောင့်အပျက်အစီးများအား အထူး သတိပြု ဖယ်ရှားရန်နှင့် ရှေးဟောင်းအုတ်ချပ်ကြီးများအား မပျက်စီးအောင် ဂရုစိုက် ခွာယူ စုဆောင်း၍ ပြန်လည်ပြုပြင်ရာတွင် သုံးစွဲသွားရန်၊ အခြားထိခိုက်ပျက်စီးသော စေတီပုထိုး၊ ဂူဘုရား၊ သိမ်၊ ဆင်းတုတော်များအား ခန့်မှန်းခြေစာရင်းတွက်ချက်၍ မပျက်စီးမီက ပြုပြင်ခဲ့သော အလှူရှင်များနှင့် လှူဒါန်းလိုသူများအား ဆက်သွယ်ဖိတ်ခေါ်ပြုပြင်သွားရန် မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဘိုးတော်ဗဒုံမင်းက သက္ကရာဇ် ၁၁၈၁ ခုနှစ်၌ ပုဂံရွှေစည်းခုံစေတီတော် ပုံစံအတိုင်း အောက်ခြေဖိနပ်တော်၌ ထောင့်ခြင်္သေ့များကို စိန်တောင်များပတ်ရံထားပြီး ပစ္စယာ သုံးဆင့်တွင် စကျင်ကျောက်များကိုထုဆစ်၍ ငါးရာ့ငါးဆယ်နှင့်ဇာတ်ကြီးဆယ်ဘွဲ့ ရုပ်ကြွများဖြင့် တန်ဆာဆင်၍ တည်ထားသည့် မဟာဝိဇယရံသီပုထိုးတော်ကြီးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ငလျင်ကြောင့်အပျက်အစီးများအား ဖယ်ရှားရာတွင် အန္တရာယ်မဖြစ်အောင် အထူးသတိပြုဖယ်ရှားရန်၊ စေတီတော်ကြီး၏ အပေါ်ပိုင်း ပျက်စီးနေမှုများကို ပြန်လည်ပြင်ဆင်ရန်အတွက် လိုအပ်သည့် အခြေအနေများကို ဆရာတော်ကြီး များ၏ ဩဝါဒကိုခံယူ၍ ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်၊ အပျက်အစီးများ ဖယ်ရှားရာတွင် ရှေးဟောင်းအုတ်များကို အဟောင်း၊ အကျိုး၊ အကြေများ စနစ်တကျ ခွဲခြားစုစည်း၍ နောင်ပြုပြင်တည်ဆောက်ရာတွင် ပြန်လည်အသုံးပြုသွားရန် မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ သက္ကရာဇ် ၁၁၉၁ ခုနှစ်တွင် စကျင်ကျောက် ရုပ်ပွားဆင်းတုတော်ကြီး လှူဒါန်းခဲ့သည့် စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်မင်းနှင့် ရုပ်ပွားတော်ကြီးကိန်းဝပ် စံပယ်ရန်အတွက် ဂန္ဓကုဋီကျောင်းဆောက်လုပ် လှူဒါန်းသည့် ပုဂံမင်းတို့ ကောင်းမှုဖြစ်သည့် တောင်သမန် ကျောက်တော်ကြီးဘုရားနှင့် မုခ်လေးမုခ်တွင် ရေးဆွဲထားသည့် အမရပူရခေတ် နံရံဆေးရေး ပန်းချီများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ဘုရားကြီး၏ ကွမ်းတောင်ပိုင်းနှင့် တိုက်မ နှင့်တွဲဆက်နံရံများ၊ စောင်းတန်းများ ထိခိုက်ပျက်စီးမှုမှာ များပြားသည့်အတွက် အလှူရှင်များ ဖိတ်ခေါ်၍ ရေရှည်ကြံ့ခိုင်စေရန်သံကူကွန်ကရစ်များအသုံးပြု၍ ပြုပြင်သွားရန်နှင့် နံရံပန်းချီများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဌာနမှကျွမ်းကျင် ဝန်ထမ်းများစေလွှတ်၍ ထိခိုက်ပျက်စီး သော အစိတ်အပိုင်းများအား ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းရေးကို မိုးမကျမီ ပြီးစီးအောင် ဆောင်ရွက် သွားရန်၊ တောင်သမန်ကျောက်တော်ကြီးဘုရား နံရံဆေးရေးပန်းချီများသည် ပြည်တွင်း/ ပြည်ပ အနုပညာရှင်များ၊ သမိုင်းပညာရှင်များအထူးတန်ဖိုးထားရသည့် သမိုင်းမှတ်တမ်းနှင့် အနုပညာ လက်ရာမြောက် ပစ္စည်းများဖြစ်၍ မပျက်စီအထူးသတိပြု ထိန်းသိမ်းရန် မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
အမရပူရမြို့၏ သမိုင်းဝင် ကြီးလေးကြီး ဘုရားများဖြစ်သည့်အတွက် စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးရန်မှာကြားခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။