သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၃-၅-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပလိပ်ဒေသ၊ မက္ခရာဒေသတို့ရှိ ရှေးဟောင်း အဆောက်အအုံများနှင့် တမုတ်ရွှေဂူကြီးဘုရားတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပလိပ်ဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက် အအုံများကို ကွင်းဆင်းကြည့်ရှုရာတွင် ပလိပ်ဒေသသည် “မြို့ပုဂံရွာပလိပ်” ဟု ထင်ရှားခဲ့သည့် အတိုင်း တရားတော်များရေးသားမှတ်တမ်းတင်သည့် ပေရွက်များကို ပေစာဖြစ်သည့်အထိ လိပ်ရသော အမှုထမ်းများနေထိုင်ရာဖြစ်၍ “ပေလိပ်ရွာ”ဟု ခေါ်ရာမှ “ပလိပ်”ဖြစ်လာသည့်ရွာဖြစ် ပါသည်။ ပုဂံခေတ် အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော ရှင်ပင်ကူတုပ်နှင့် ရှင်ပင်ကူရဘုရား အပါအဝင် ပုဂံခေတ်နှောင်းပိုင်းမှ ရတနာပုံခေတ်အထိ ရှေးဟောင်းစေတီဘုရား (၂၉၄)ဆူ တည်ရှိ သောဒေသဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်တွင် သာသနာပြုမြွေကြီးများရောက်ရှိလာ၍ မြွေဘုရားဟု ထင်ရှားကျော်ကြားခဲ့သော မြွေဘုရားပရဝဏ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများအား ကြည့်ရှုစစ်ဆေးပြီး ပြိုကျသော ဘုရားများမှ ရှေးဟောင်း အုတ်များကို မပျက်စီးအောင် ခွဲခြားစုဆောင်းထားရှိပြီး ထိခိုက်ပျက်စီးမှုကြီးမားသော အဆောက်အအုံများကို ဘေးအန္တရာယ်ကင်းရှင်းအောင် စနစ်တကျ ဖယ်ရှားရှင်းလင်းရန်၊ ပြန်လည်ပြုပြင်နိုင်သရွေ့ ကြိုးစားပြုပြင်ကြရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊ မသင့်လျော်သော တိုးချဲ့မှုများ ဆောင်ရွက်ခြင်းမပြုရန်၊ ပြုပြင်လှူဒါန်းထားသော မူလအလှူရှင် များထံ ဆက်သွယ်၍လည်းကောင်း၊ လှူဒါန်းလိုသော အလှူရှင်များထံ ဆက်သွယ်၍လည်းကောင်း ပြုပြင်ရန် ဆောင်ရွက်လျက်ရှိသည်များကို ဂေါပကအဖွဲ့အား ရှင်းလင်းမှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံစေတီဘုရား (၁၀၅)ဆူတည်ရှိသော ပလိပ်မြို့ ဗန်းမော်ကျောင်းတိုက် ပရဝဏ်အတွင်း ငလျင်ဒဏ်ကြောင့် ရှေးဟောင်းအဆောက်အအုံစေတီဘုရား (၉၃)ဆူ ထိခိုက်ပျက်စီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မူလလက်ရာကျန်ရှိသော စေတီများနှင့် နံရံဆေးရေးပန်းချီရှိသော ဂူဘုရားများကို ဦးစီးဌာနမှ ဦးဆောင်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြန်လည် ဆယ်တင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ မူလအလှူရှင်များထံဆက်သွယ်ရန်နှင့် အလှူရှင်အသစ်များ ဖိတ်ခေါ်ရန် လမ်းညွှန်မှာကြားခဲ့ပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်ရှိ ကျောက်သေတ္တာစေတီ ခိုင်ခန့်စွာ ဆက်လက်တည်မြဲစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေကို ဆည်တော်နံရွှေမုဋ္ဌောစေတီ ပရဝဏ်မှကြည့်ရှု၍ ပူးပေါင်းဆောင်ရွက်နေသော ကာကွယ်ရေးဝန်ကြီးဌာန၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် ကျောက်သေတ္တာစေတီ တည်ရှိသည့် ကျောက်တောင်နှင့် ပတ်ဝန်းကျင် ထိခိုက်ခဲ့သဖြင့် ကျောက်သေတ္တာစေတီ ပျက်စီးပါက အောက်ခြေလူနေအိမ်ခြေများပါ ထိခိုက်နိုင်သဖြင့် ဆက်လက် တည်မြဲစေရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျောက်သေတ္တာစေတီ အောက်ခြေရှိ ကျောက်တုံး ရွေ့လျားလှုပ်ရှားမှု ရှိ/မရှိ အမှတ်အသားများပြုလုပ်၍ စောင့်ကြည့်ခြင်း ဆောင်ရွက်နေပါကြောင်း၊ လိုအပ်သည့် ဆောင်ရွက်သင့်သည်များ ဆောင်ရွက်လျက်ရှိပါကြောင်း တောင်အောက်ခြေရှိ လူနေအိမ်ခြေများ (၆၀)ရှိပြီး ယာယီနေထိုင်မှု ရွှေ့ပြောင်းစေလျက် ရှိပါကြောင်း၊ အန္တရာယ် ကင်းရှင်းရေးအတွက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်များ လိုက်နာရန်လိုအပ်ကြောင်း မှာကြားပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အနော်ရထာမင်းကြီး တည်ထားခဲ့သည့် ဆည်တော်နံရွှေမုဋ္ဌော စေတီကြီးသည် ပရဝဏ်အတွင်းရှိ စေတီဘုရားများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လှည့်လည်ကြည့်ရှုပြီး အပျက်အစီးများကို စနစ်တကျ ဖယ်ရှားရန်၊ ဘုရားများပျက်စီးမှုများအား ဂေါပကရန်ပုံငွေဖြင့်ပါ သုံးစွဲပြုပြင်သွားရန် မှာကြားပြီး ဆည်တော်နံရွှေမုဋ္ဌောစေတီကြီးပြုပြင်ရန်နှင့် ကျောက်သေတ္တာစေတီ ခိုင်ခန့်တည်မြဲ စေရေးအတွက် ဆောင်ရွက်ရန် ဂေါပကအဖွဲ့များထံ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့ တမုတ်ဒေသရှိ တမုတ်ရွှေဂူကြီးဘုရားသို့ သွားရောက်ခဲ့ပါသည်။ တမုတ်ရွှေဂူကြီးဘုရားသည် ပျူခေတ်ကတည်းက စတင်တည်ထားခဲ့သော အထောက်အထားများကို တွေ့ရပြီး ၎င်းအပေါ်၌ ပုဂံခေတ်နှင့် ပင်းယခေတ်တွင် ထပ်မံငုံ၍ တည်ခဲ့သောဘုရားဖြစ်ပါသည်။ အတွင်းတွင် ပုဂံခေတ် အေဒီ ၁၃ ရာစုလက်ရာဆင်းတုများ၊ အပြင်နံရံပတ်လည်တွင် ပုဂံခေတ် အင်္ဂတေ ပန်းလက်ရာ များဖြင့် တန်ဆာဆင်ထားပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တမုတ်ရွှေဂူကြီးဘုရား ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်ရှိသော အင်္ဂတေ ပန်းလက်ရာများကို ထပ်မံ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းသွားရန်နှင့် စေတီတော်ကြီး ကြံ့ခိုင်မှု ရှိ/မရှိကို သက်ဆိုင်ရာ ပညာရှင်အဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် သွားရန်၊ ခေတ်အဆက်ဆက်သမိုင်းစဉ်ကို ဖော်ပြနိုင်သော အထောက်အထားများနှင့် အင်္ဂတေ ပန်းလက်ရာများကွာကျပျက်စီးနေမှုများကို အချိန်ယူ၍ ပြန်လည်ဆက်စပ်သွားရန် လမ်းညွှန် မှာကြား ခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂံခေတ်နှောင်းပိုင်းတွင် ရှမ်းညီနောင် သုံးဦးအနက် ညီအလတ် ရာဇသင်္ကြန်တည်ထောင်ခဲ့သော မက္ခရာမြို့ဟောင်းသို့သွားရောက်ခဲ့ပြီး အေဒီ ၁၃၂၅ ခုနှစ်တွင် ဥဇနာမင်းကြီး တည်ထားခဲ့သော ရွှေစည်းခုံစေတီတော်ကြီး၏ ငလျင် ဒဏ်ကြောင့် ပျက်စီးမှုများကိုကြည့်ရှုပြီး မူလလက်ရာများအတိုင်း စနစ်တကျထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အက်ကွဲသွားသော ပစ္စယံ(၃)ဆင့်တွင် မိုးရာသီမတိုင်မီ ရေပိတ်လွှာ များ လောင်း၍အမြန်ထိန်းသိမ်းရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မက္ခရာမြို့ဟောင်းအတွင်းရှိ အမရပူရ ခေတ်လက်ရာ နံရံဆေးရေး ပန်းချီများရှိသော ရွှေရောင်တော်ဘုရား၏ပျက်စီးမှုများ၊ လိုဏ်အတွင်းရှိ နံရံဆေးရေး ပန်းချီများ ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီးသည် မူလလက်ရာ နံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးသည့်အတွက် သမိုင်းတန်ဖိုးကြီးမားသဖြင့် ထပ်မံမပြိုပျက်အောင် ထိန်းသိမ်းရေး လုပ်ငန်းများကို အမြန်ဆောင်ရွက်ရန်၊ စေတီတော်ကြီး အပေါ်ပိုင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများ ထိခိုက်မှုမရှိအောင် အသေးစိတ် စစ်ဆေး၍ ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပူးပေါင်း ကြီးကြပ် ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။

Loading