သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များဆက်ကပ်၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာထိခိုက်ပျက်စီးသော ရှေးဟောင်းဘုရားများ ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၄-၅-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆရာတော်ကြီး (၂)ပါးအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခဲ့ပါသည်။
၄-၅-၂၀၂၅ ရက်၊ ၀၉ ၀၀ အချိန်၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ဓမ္မာရုံ၌ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသည့် ဆရာတော်ကြီး(၂)ပါးအား ဘွဲ့တံဆိပ်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဟာမြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနက ငါးပါးသီလကို ချီးမြင့်တော်မူခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်‌ကျေးမှုဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ‌ဇောတိက ဘွဲ့တံဆိပ်တော်ရ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာ‌တော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ မထေရ်မြတ်အား ဘွဲ့တံဆိပ်တော်အဆောင်အယောင်နှင့် နဝကမ္မ ဝတ္ထုငွေ ကျပ်သိန်း(၅၀)ကိုလည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်‌တော်ရ မဟာမြိုင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသန မထေရ်မြတ်တို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များကို ဆက်ကပ်လှူဒါန်းပါသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ မဟာမြိုင်ကျောင်းတိုက် ဆရာတော်က အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်း အနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတာ်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ အနုပညာဦးစီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးသည် အင်အား ရစ်ခ်စဆာကေး ၇.၇ ရှိသောကြောင့် အလွန်ပြင်းထန်သည့်ငလျင်ကြီးဖြစ်ကြောင်း၊ ၎င်းငလျင်ကြီးသည် မိမိတို့နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သာမက ပြည်နယ်/ တိုင်းဒေသကြီးများဖြစ်သည့် နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကိုပါလှုပ်ခတ်ကာ လူပေါင်း ၃၀၀၀ ကျော်သေဆုံးကာ ဒဏ်ရာအများအပြား ရခဲ့ကြပြီး အဆောက်အအုံများ ပျက်စီးခဲ့ပါကြောင်း၊ ၎င်းအထဲတွင် မိမိတို့ဝန်ထမ်းများမှာ သေဆုံး ဒဏ်ရာရသူအလွန်နည်းပါ၍ အဆောက်အုံပျက်စီးမှုမှ သင့်တင့်လျောက်ပတ်သည် ဖြစ်သောကြောင့် များစွာကံကောင်းကြသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ သို့သော် အခက်အခဲများ အထိုက်အလျောက် ရှိမည်ဖြစ်သော်လည်း ၎င်းတို့ကို လောကဓံတရား ၈ ပါးအား ကြံ့ကြံ့ခံ၍ ရင်ဆိုင်ကျော်လွှား သွားရန်လိုအပ်ကြောင်း၊ မိမိတို့ရုံးလုပ်ငန်းများကိုလည်း ပှံမှန်လည်ပတ်အောင် ဆောင်ရွက်၍ အားသစ်လောင်းဆောင်ရွက်သွားကြရန် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝန်ကြီးဌာနမှ ဝန်ထမ်း(၅၈၈)ဦး အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတောင်တော်သို့ ရောက်ရှိရာ တောင်တော် ဂေါပကအဖွဲ့က ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငလျင်ကြောင့်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်လျက်ရှိသည့် ရွှေသိမ်တော်စေတီနှင့် စန္ဒမုခိစေတီ တော်များကို ဖူးမြော်၍ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌက တောင်တော်ဘုရားသမိုင်းများကိုလည်းကောင်း၊ ရှေးဟောင်းသုတေသန ပညာရှင်က သမိုင်းကြောင်းဆိုင်ရာအချက်အလက်များကိုလည်းကောင်း တင်ပြခဲ့ပါသည်။ ဆုတောင်းပြည့် (မန္တလေး)တောင်သည် အစောဆုံးမူလစေတီမှာ သီရိဓမ္မာသောကမင်းကြီးကောင်းမှု မုဌောစေတီဖြစ်ပြီး ပုဂံခေတ်အနော်ရထာမင်းကြီး တရုတ်ပြည်စွယ်တော်ဖူးမြော်ပြီး အပြန်ခရီးတွင် ပြုပြင်တည်ထား ခဲ့သည်။ အင်းဝခေတ်တွင် ဘုရင်သီဟသူရက ယိုယွင်းနေသော စေတီများကိုစုပေါင်းပြီး ဓာတ်ပေါင်းစုစေတီအဖြစ် ပြုပြင်တည်ထားခဲ့ပါသည်။ အမရပူရခေတ်တွင် ပျက်စီးနေသော စေတီကို သာယာဝတီမင်းကြီးကလည်းကောင်း၊ ရတနာပုံခေတ်တွင် မင်းတုန်းမင်းကြီးက လည်းကောင်း၊ ပြုပြင်တည်ထားကိုးကွယ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အစိုးရလက်ထက်တွင် မန္တလေးတောင်တက်လမ်း၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် စေတီတော်နှင့်ရင်ပြင်တော်တိုးချဲ့ခြင်း၊ စက်လှေကားတပ်ဆင် ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆုတောင်းပြည့်စေတီ ရင်ပြင်တော်ပေါ်မှ မြောက်ပြင်အရပ်ရှိ အိမ်ရှေ့မင်းသား ကောင်းမှုလောကတန်စောင်းနှင့် မင်းတုန်းမင်းကောင်းမှု လောကမာရဇိန် မဟာနန္ဒကန်ညီနောင် စေတီ (၂)ဆူ ပျက်စီးမှုအခြေအနေနှင့် ပြုပြင်ရန် အစီအစဉ်များကို စစ်ဆေးလမ်းညွှန်ခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတောင်တော်သမိုင်းနှင့်ဆက်စပ်လျက် ရှိသော မြွေကြီးနှစ်ကောင်ဘုရားကို ဖူးမြော်ကြည်ညိုကြပါသည်။ မြွေကြီးနှစ်ကောင်သည် ကိုလိုနီခေတ် သာသနာညှိုးနွမ်းနေချိန်တွင် မန္တလေးမြောက်ပြင်ရှိ ပန်းပဲဆရာ ဦးတင်ရှိန်၏ ပန်းပဲဖိုတွင် ထူးဆန်းစွာ ရောက်ရှိနေသည်ကို မန္တလေးတောင်သာသနာပြု ရသေ့ကြီး ဦးခန္တီက မန္တလေးတောင် ပေါ်သို့ ယူဆောင်ပြီး “မန္တလေးတောင် မြွေကြီးနှစ်ကောင် သွားလို့ကြည့်ရအောင်” ဟူသော သတင်း စကားကြောင့် ပြည်သူအများ မန္တလေးတောင်ပေါ်သို့ လာရောက်ကြည့်ရှုကြရာမှ အလှူငွေများရရှိပြီး ဘုရားစေတီ ပြုပြင်ထိန်းသိမ်းရေး သာသနာပြုလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း၊ သာသနာပြုလုပ်ငန်းများပြီးစီးသောအခါ ရန်ကင်းတောင်တော်သို့ မြွေကြီးနှစ်ကောင်ကို ဘေးမဲ့ပေးစေလွှတ်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်တော် ပေါ်တွင်တည်ထားသည့် ဘုရားလေးဆူနှင့် မြွေကြီးနှစ်ကောင်ဘုရားတို့ကို ဖူးမြှော်ကြည်ညိုကာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ချက်ချင်းရှင်းလင်းပြီး လိုအပ် သည့်ပြုပြင်မှုများ ဆောင်ရွက်ရာတွင် အထူးကျွမ်းကျင်အင်ဂျင်နီယာများထံမှ အကြံဉာဏ် ရယူ ဆောင်ရွက်ရန်၊ နောင်ရေရှည်ကြံ့ခိုင်စေရေးနှင့်အင်အားပြင်း ငလျင်ဒဏ်ပါခံနိုင်ရန် သံကူကွန်ကရစ် များပါ ထည့်သွင်းတည်ဆောက်ရန်၊ စေတီတော်ရင်ပြင်တွင်ထောက်ထားသော ဒေါက်တိုင်များအား တစ်ခုနှင့်တစ်ခု အထိန်းအကွပ်ရရှိစေရန် သံကူကွန်ကရစ်ဖြင့်ပတ်၍ ထိန်းသိမ်းနေမှုအား တစ်ခုနှင့် တစ်ခု ကွင်းဆက်ပြတ်မသွားအောင် အကွက်တိုင်း၍ ချမှတ်ဆောင်ရွက်သွားရန်၊ တိုင်တစ်တိုင်နှင့် တစ်တိုင်ကြား အပေါ်ဘက်မျက်နှာကျက်ဆက်စပ်သည့်နေရာများတွင် သံကူကွန်ကရစ်အခုံးများ ဆောင်ရွက်နေမှုအား ဖိအားတွန်းအားဒဏ် ကြံခိုင်နိုင်မှုရှိစေရေးအား အလေးထားကြပ်မတ် ဆောင်ရွက်ရန် မှာကြားပါသည်။ ထို့နောက် တောင်တော်ဂေါပကအဖွဲ့ထံ ဘုရားစေတီများပြုပြင်ရာ၌ လိုအပ်သည့်နေရာတွင် အသုံးပြုရန် အလှူငွေများပေးအပ် လှူဒါန်းခဲ့ပြီး ပြန်လည်ထွက်ခွာသွား ကြောင်း သတင်းရရှိသည်။

Loading