သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးအကြီးအကဲဖြစ်သူ Mr.Ichiro Miyazawa အားလက်ခံတွေ့ဆုံ နေပြည်တော် မေ ၁၃ ရက်   

                                                                           

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးအကြီးအကဲဖြစ်သူ Mr.Ichiro Miyazawa ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်၊ ၁၅:၃၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအားရစ်ချ်တာစကေး(၇.၇)ရှိ မန္တလေးငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် တန်ခိုးကြီးစေတီပုထိုးများ ထိခိုက် ပျက်စီးခဲ့ရကြောင်း၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများအား စာရင်း ကောက်ယူပြီး ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေ(Damaged Condition)၊ သမိုင်းလက်ရာတန်ဖိုး (Historical Value)၊ အနုပညာလက်ရာတန်ဖိုး (Art Value)၊ ဗိသုကာလက်ရာတန်ဖိုး              (Architectural Value) ၊ နံရံပန်းချီကျန်ရှိမှု( Mural Painting Remaining)၊ အဆင်တန်ဆာ ခြယ်သ တန်ဖိုး(Decorative Value)နှင့် ကိုးကွယ်ယုံကြည်မှုရှုထောင့်(Religious Aspect) အပေါ်မူတည်၍ ဦးစားပေးအဆင့်(Prioritized)သတ်မှတ်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများနှင့် အမွေအနှစ်များ ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို  မူလလက်ရာတန်ဖိုး ထိခိုက်ပျက်စီးမှု မရှိစေဘဲ ပြုပြင် ထိန်းသိမ်းနိုင်ရန်၊ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်း ယုံကြည်မှုများကို မထိခိုက်စေဘဲ ပြန်လည်ပြုပြင် ထိန်းသိမ်းရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံလူထု ပါဝင်ဆောင်ရွက်လာစေရန် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဒဏ် ကြောင့်ထိခိုက်ပျက်စီးမှု စာရင်းကောက်ယူပြီးသော ရှေးဟောင်းအဆောက်အအုံများ၏ ပျက်စီးမှု အလိုက် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်မည့် ဦးစားပေးအဆင့်လိုက် ခွဲခြားသတ်မှတ်ထားသော ရှေးဟောင်းအဆောက်အအုံ (၁၇၅၂) ခုကို  ပထမဦးစားပေး ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး ကြီးမားသော ရှေးဟောင်းအဆောက်အအုံများ၊ ဒုတိယဦးစားပေး  တစ်ပိုင်းတစ်စပျက်စီးခြင်း၊ မူလလက်ရာ ကျန်ရှိမှုနည်းသော အဆောက်အအုံများ၊ တတိယဦးစားပေး အောက်ခြေပန္နက်မှလွဲ၍ ကျန်အစိတ်အပိုင်းများသည် အသစ်နီးပါး ပြန်လည်ပြုပြင်ထားသော အဆောက်အအုံများအဖြစ် ခွဲခြားသတ်မှတ်ပြီး ရှေးဟောင်းအဆောက် အအုံများနှင့်အမွေအနှစ်များ ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံငလျင်အသင်း တို့၏ အကြံပြုချက်များရယူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုများဖြင့် ရေရှည်တည်တံ့အောင် နည်းစနစ်မှန်ကန်စွာပြုပြင် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၆ ပုဂံငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခဲ့သည့် အတွေ့ အကြုံများကိုအခြေခံ၍ UNESCO Conservation Guideline ပြုပြင်ထိန်းသိမ်းနည်း လက်စွဲများ နှင့်အညီ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားခဲ့ပြီး ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှိုင်ဝင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

               

Loading