
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ၁၉-၅-၂၀၂၅ရက်နေ့ ညနေ ၆ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ များအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင် များနှင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာ ပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် ပညာရှင်များ၊ သမိုင်းပညာရှင်၊ နည်းပညာ ဆိုင်ရာပညာရှင်အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ သာသနိကအဆောက်အအုံများ၊ ရှေးဟောင်းအဆောက်အအုံများ များစွာထိခိုက် ပျက်စီးခဲ့ပြီး ငလျင်သက်ရောက်မှုရှိတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ပုဂံခေတ်နဲ့ ပုဂံခေတ် နောက်ပိုင်းဖြစ်သော ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်အထိ နှစ်ပေါင်း ၆၀၀ ခန့် ခေတ်အဆက်ဆက် တည်ဆောက်ထားကြတဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဗိသုကာလက်ရာစုံကို တစ်စုတစ်ဝေးတည်း တွေ့ရတဲ့ဒေသလည်း ဖြစ်ပါကြောင်း။
အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား ၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်နဲ့ မြို့ရိုး၊ ပြအိုးပြာသာဒ် စသည်ဖြင့် (၁၇၈၁)လုံး နှင့် ဘုရား ၊ စေတီ၊ သာသနိကအဆောက်အအုံ(၄၉၉၈)လုံး၊ စုစုပေါင်း (၆၇၇၉)လုံး ထိခိုက်ပျက်စီးခဲ့တာ တွေ့ရှိရပါကြောင်း၊ ပျက်စီးခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်များရှိ ငလျင်ဒဏ်သင့်နေရာများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေး ကြည့်ရှုပြီး နောင်ဖြစ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်တွက်ဆပြီး ပြုပြင်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းရေးပညာရပ် ပိုင်းဆိုင်ရာများအတွက် ယခု တက်ရောက်လာတဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးက တက်ရောက်လာသူများက ပြည့်စုံကောင်းမွန်သော အကြံဉာဏ်များ ပေးနိုင်မယ်လို့လည်း ယုံကြည် ပါကြောင်း၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စေတီ၊ဘုရား၊သာသနိကအဆောက်အအုံများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များနှင့် နည်းပညာ ဆိုင်ရာပညာရှင်အဖွဲ့ (Technical Expert Team) အဖွဲ့များ ဖွဲ့စည်းထားရှိပြီး စနစ်တကျ ဆောင်ရွက် လျက်ရှိပါကြောင်း၊
ဦးစီးကော်မတီအနေနဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နိုင်ရေး မူဝါဒများ ချမှတ်ပေးသွားမှာဖြစ်ပါကြောင်း၊
ဖွဲ့စည်းထားရှိတဲ့ နည်းပညာဆိုင်ရာပညာရှင်အဖွဲ့အနေနဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံး မှုများကို သက်ဆိုင်ရာများနှင့် ပူးပေါင်းလေ့လာအကဲဖြတ်ပြီး အရေးပေါ်စီမံခန့်ခွဲမှု အစီအစဉ်၊ ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းစဉ်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်နှင့် ရေရှည် တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်များကို ချမှတ်ပြီး နောင်ထပ်မံဖြစ်ပွားလာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး ကြိုတင်ကာကွယ်နိုင်ဖို့ပါ တွက်ချက်ဆောင်ရွက်ဖို့ ဖြစ်ပါကြောင်း၊ ထို့အတူ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများနှင့် ပတ်သက် ပြီး ၂၀၁၆ ခုနှစ် ငလျင်ကြောင့် ပုဂံဘုရားများ ထိခိုက်ပျက်စီးခဲ့စဉ်က UNESCO ပညာရှင်များ အကြုံပြုရေးဆွဲထားတဲ့ Guide Line များကိုလည်း အခြေခံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊
တစ်ဖက်ကလည်း မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို စတင်ယုံကြည်သက်ဝင်ကိုးကွယ် ကတည်းက ယနေ့ထိ စဉ်ဆက်မပြတ် ကိုးကွယ်နေတဲ့ နိုင်ငံတစ်နိုင်ငံ လည်းဖြစ်ပါကြောင်း၊ ဒါကြောင့်ဘုရား၊ ပုထိုး၊ စေတီ စတဲ့ ရှေးဟောင်းအဆောက် အအုံများပြုပြင်ရာမှာလည်း ဘာသာ ရေးကိုးကွယ်ယုံကြည်မှုများကို ထည့်သွင်းစဉ်းစားပြီး ရှင်သန်နေသော ရှေးဟောင်း အမွေအနှစ် (Living Heritage) များကိုလည်း အထူးအလေးထားပြီး ဟန်ချက်ညီအောင် ဆောင်ရွက်ကြဖို့ အကြံပြုလိုပါကြောင်း။
ရှေးဟောင်းအဆောက်အအုံပြုပြင်ရာတွင် စေတီ၊ ဂူဘုရား၊ မြို့ရိုး၊ ပြအိုး ပြာသာဒ်တို့အတွက် ပြုပြင်ရမယ့် ဒီဇိုင်းများကိုပါ နမူနာအနေနဲ့ ပုံစံထုတ် အကြုံပြုပေးစေလိုကြောင်း၊ ပြုပြင်ရမယ့် အဆောက်အအုံတွေများပြားတဲ့အတွက် ပြုပြင်ရာမှာ ရှေးဟောင်းလက်ရာတန်ဖိုးကျန်ရှိနေသေးတဲ့ ရှေးဟောင်းအဆောက်အအုံတွေကိုတော့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမှာဖြစ်ပြီး ပြည်သူလူထု ကိုးကွယ်လျက်ရှိတဲ့ ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားတွေကိုတော့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကြီးကြပ်ပြီးသက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လုပ်ငန်းအတွေ့အကြုံ ရှိတဲ့သူများကို ခွင့်ပြုပေးဆောင်ရွက်စေမှာ ဖြစ်ပါတယ်။
ရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ပထမဦးစားပေးအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်တန်ဖိုး မရှိသလောက်နည်းပါးသော (သို့မဟုတ်) ပျက်စီးမှုနည်းပါးသော ရှေးဟောင်း အဆောက်အအုံများ၊ လက်ရှိကိုးကွယ်ထီးတင် ရွှေဆေးသုတ် ထားတဲ့ စေတီပုထိုးများကို ပြန်လည်ပြုပြင်လိုသော အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများ အနေဖြင့် ဦးစီးဌာနသို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနဲ့အညီ ကြိုတင်ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်အတိုင်း အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမှာဖြစ်ပါကြောင်း၊ အလှူရှင်နဲ့ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး ပထမဦးစားပေး စေတီ၊ ပုထိုး၊ ဂူဘုရား၊ရှေးဟောင်းအဆောက်အအုံများတစ်နှစ်အတွင်းပြင်ဆင်ရန် လျာထား ပါကြောင်း။
ဒုတိယဦးစားပေးကတော့ တစ်ပိုင်းတစ်စပျက်စီးပြီး မူလလက်ရာကျန်ရှိမှု နည်းသော အဆောက်အအုံများကိုငလျင်ကြောင့်မပျက်စီးမီက ပုံစံအတိုင်း သို့မဟုတ် အနုပညာ ဗိသုကာ လက်ရာကောင်းမွန်ပါက ပျက်ပုံအတိုင်း ပြုပြင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ကြီးကြပ်မှုဖြင့် အတွေ့အကြုံရှိ ကန်ထရိုက်များ၊ ဂေါပကများ၊ အဖွဲ့အစည်း များကို ရန်ပုံငွေရရှိမှုနှင့် အလှူရှင်များ လှူဒါန်းမှုကို မူတည်ပြီး အများဆုံး (၂)နှစ်အတွင်း ပြီးစီး အောင်လုပ်ဖို့ လျာထားပါကြောင်း။
တတိယဦးစားပေးအနေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကြီးမားသော ရှေးဟောင်း အဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အတွေ့အကြုံရှိ အင်ဂျင်နီယာများဖြင့် ပညာရှင်များ အကြံပြုချက်ရယူပြီး ဌာနကရော ပြင်ပကျွမ်းကျင် ကန်ထရိုက်များပါ ခွဲဝေထိန်းသိမ်း ပြင်ဆင်ရန် တတိယဦးစားပေးအဖြစ် လျာထားပြီး(၅)နှစ်အတွင်း ပြီးစီး အောင် ဆောင်ရွက်သွားဖို့ လျာထားပါကြောင်းပြောကြားခဲ့ပါသည်။
ဤအစည်းအဝေးကို နံနက်(၁၀:၀၀)နာရီက စတင်ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နည်းပညာဆိုင်ရာ ပညာရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် ပညာရှင်များက သက်ဆိုင်ရာနယ်ပယ်များအလိုက် ဆွေးနွေးကြရာ၌ ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံများ ပြုပြင်တည်ဆောက်ရာတွင် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင် ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက် ရမည့် လုပ်ငန်းအဆင့်ဆင့် SOP ကို သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှ ညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး နိုင်ငံတော်သံဃနာယက အဖွဲ့ကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)သို့ လျှောက်ထားပြီး ဖြစ်ပါကြောင်း၊ ၎င်းအပြင် ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်များ ထံသို့လည်း အကြောင်းကြားပြီးဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီများ၏ ခိုင်ခံ့မှုအရည်အသွေးအား ကျွမ်းကျင် အင်ဂျင်နီယာများဖြင့် စစ်ဆေးနိုင်ရေး ဆောင်ရွက်ရန်၊ သာသနိကအဆောက်အအုံများ ဆောက်လုပ် ပါက အဆောက်အအုံ၏ ဒီဇိုင်းအရ ကြံ့ခိုင်မှုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သဘောထားကို ရယူဆောင်ရွက်ရန်လိုပါကြောင်း၊ အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများ၊ ပညာရှင် များဖြင့် ဖွဲ့စည်းစစ်ဆေးရန်နှင့် နောင်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အကောင်းဆုံး ပြန်လည် လျာထား ရေးဆွဲတည်ဆောက်ရန်လိုကြောင်း၊ ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် ရှေးမူမပျက် ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် ဓလေ့ထုံးတမ်းအစဉ်အလာ များကို အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ဆောင်ရွက်ရာတွင်လည်း နောင်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို ချင့်ချိန်တွက်ချက်ပြီး ပညာရှင်များ၏ အကြံဉာဏ်ကိုရယူ၍ ရေရှည်တည်တံ့အောင်ပြုပြင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရှေးဟောင်း မဟုတ်သော သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအဆောက်အအုံများဟူ၍ (၂)ပိုင်းခွဲပြီး SOPရေးဆွဲရန် လိုအပ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံပြုပြင်ရာမှာရှေးမူ မပျက်အောင်ပြုပြင်နိုင်ရန်နှင့် နောင်သဘာဝဘေးအန္တရာယ်ခံနိုင်ရန်ပါပညာရှင်အဖွဲ့၏ အကြံပြု ချက်ဖြင့် ပြုပြင်ရန်လိုကြောင်း၊ စစ်ကိုင်း၊ ဆွမ်းဦးပုညရှင်စေတီကဲ့သို့ အမြန်ပြုပြင်ထိန်းသိမ်းရမည့် ရှေးဟောင်းစေတီ ဘုရားများ၊ စစ်ကိုင်းကောင်းမှုတော်၊ မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား များကဲ့သို့ ရှေးဟောင်းအမွေအနှစ်လက်ရာရှိသော ရှေးဟောင်းဘုရားများ၊ ထိခိုက်ပျက်စီးမှု များပြားသည့် စစ်ကိုင်းဥမင် သုံးဆယ်၊ မဟိယင်္ဂဏဘုရားများကဲ့သို့ အသစ်ပြန်လည် တည်ဆောက်ရမည့် ပြည်သူလူထု ဖူးမြော်ကြည်ညိုနေဆဲ Living Heritage များနှင့် အလတ်စား နှင့်အသေးစားပြုပြင်ရမည့် ဘုရားစေတီများဟူ၍ ခွဲခြားဆောင်ရွက်ရန်နှင့် နောင်ငလျင်များ အတွက်ပါ မျှော်မှန်း၍ Standard Construction Methods များချမှတ်ဆောင်ရွက်ရန်စသဖြင့် ဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုဖွဲ့စည်း ထားတဲ့ နည်းပညာဆိုင်ရာပညာရှင်အဖွဲ့မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အများစုသည် ၂၀၁၆ ခုနှစ်က လှုပ်ခတ် ခဲ့တဲ့ငလျင်ကြောင့်ပုဂံမှာရှိတဲ့ဘုရား၊ ပုထိုးများ ထိခိုက်ပျက်စီးမှုများအပေါ်ပြန်လည်ထူထောင်ရေး နှင့်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အတွေ့ အကြုံရှိခဲ့တဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါကြောင်း။ အလားတူပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာရှိတဲ့ ရွှေစည်းခုံစေတီတော် ဘက်စုံလွှမ်းခြုံသောလုပ်ငန်း အစီအစဉ် Master Plan ရေးဆွဲခြင်းများ မှာလည်းပါဝင်ခဲ့တဲ့အတွက် အတွေ့အကြုံရှိခဲ့ပြီးဖြစ်လို့ ၂၀၂၅ ခုနှစ် ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ရှေးဟောင်း အမွေအနှစ်တွေရော၊ သာသနိက အဆောက်အအုံတွေကိုပါ ပြန်လည်ပြုပြင် တည်ဆောက်ရာမှာ နောင်ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်များရဲ့ သက်ရောက်နိုင်မှုတွေ ကိုပါ ထည့်သွင်းတွက်ချက်ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင်နဲ့ အမွေအနှစ်တွေ မထိခိုက်အောင် ပညာရပ်ဆိုင်ရာ အကြံပြုချက်တွေကို SOP အနေနဲ့ ထည့်သွင်းဆောင်ရွက်သွားရန် ပြောကြားရင်း နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။