
အမျိုးသားပြတိုက်( ရန်ကုန် )၏ ( ၄၈ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အမျိုးသားပြတိုက် ( ရန်ကုန် ) တို့ ပူးပေါင်းကျင်းပသည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမျိုးသားပြတိုက် ( ရန်ကုန် ) ပထမထပ်ဘက်စုံခန်းမ၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” သည် လူ့ဘောင်ထဲရှိ ပြတိုက်များ၏ အရေးပါမှုကို အသိအမှတ်ပြုသည့်နေ့ ဖြစ်ကြောင်း၊ ယနေ့ခေတ် ပြတိုက်များသည် Active Learning Center များအဖြစ် ရပ်တည်လာပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ခင်းကျင်းပြသထားရုံသာ မဟုတ်ဘဲ လေ့လာသင်ယူနိုင်ရန် ပတ်ဝန်းကျင်များကို ဖန်တီးပေးသဖြင့် ကျောင်းသား လူငယ်များအနေဖြင့် ပြတိုက်သို့ လာရောက် လေ့လာခြင်းဖြင့် သမိုင်း၊ အနုပညာမှစပြီး သိပ္ပံနည်းပညာအထိ မျိုးစုံသောဘာသာရပ် အကြောင်းအရာ များကို တစ်နေရာတည်းတွင် စူးစမ်းလေ့လာနိုင်ပြီး ပညာဗဟုသုတ အပြည့်အဝရရှိနိုင်စေကြောင်း၊ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များကို ယဉ်ကျေးမှု တန်ဖိုးများနှင့် ထိတွေ့သိမြင်နိုင်စေရန်အတွက် ပြတိုက်များ၏ အခန်းကဏ္ဍကို နားလည်သဘောပေါက်စေရန် ပြတိုက်သို့မဖြစ်မနေ လာရောက် လေ့လာသင့်ကြောင်းနှင့် လူငယ်များအနေဖြင့် ပြတိုက်များနှင့် ပူးပေါင်း၍ လူငယ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ယဉ်ကျေးမှုစောင့်ရှောက်ရေးကဏ္ဍများတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ က အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ (International Museum Day)သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council of Museums – ICOM) က ကြီးမှူးကျင်းပသည့် နိုင်ငံအသီးသီးမှ ပြတိုက်များ ပါဝင်ဆင်နွဲကြသည့် ပွဲတစ်ခုဖြစ်ပါကြောင်း၊ ICOM ကို ၁၉၄၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ကာ ပြတိုက်များနှင့် သက်ဆိုင်သည့် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၂၉ နိုင်ငံနှင့် အဖွဲ့ဝင် ၅၇,၀၀၀ ကျော် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ “မေလ(၁၈)ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” (International Museum Day) အဖြစ် ၁၉၅၁ခုနှစ် အမေရိကန်နိုင်ငံ၊ နယူးယော့မြို့မှာ ကျင်းပခဲ့သည့် Crusade for Museums အစည်းအဝေးမှ အစ ပြုခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ တရားဝင်စတင် သတ်မှတ် ခဲ့ပါကြောင်း၊ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြရာ ယခု ၂၀၂၅ ခုနှစ်တွင် ( ၄၈ )နှစ် တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို မေလ ၁၈ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း မေလထဲတွင် တစ်လလုံး သို့မဟုတ် ရက်သတ္တပတ် ကာလအတွင်း ကျင်းပကြကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD 2025)အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “The Future of Museums in Rapidly Changing Communities” “လျင်မြန် ပြောင်းလဲ လူမှုအသိုက် အဝန်းအတွင်း၊ ပြတိုက်များ၏ အနာဂတ်ကို ရှေးရှုခြင်း” ဖြစ်ကြောင်း၊ ယခုနှစ် International Museum Day (IMD) 2025 ၏ Theme တွင် ပါသည့် Sustainable Development Goals (SDGs) သုံးခုနှင့် ပြတိုက်ဆက်စပ်ပုံအကြောင်းကို အကျယ်တဝင့် ပြောကြားပြီး (၄၈) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” အထိမ်းအမှတ်အဖြစ် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကို တက်ရောက်လာသည့် မျိုးဆက်သစ် လူငယ်များကိုလည်း ပြတိုက်များကို လေ့လာလိုစိတ်၊ ပညာရပ်ဆိုင်ရာ ဗဟုသုတများစွာကို ရရှိစေမည့် အပြင် နိုင်ငံချစ်စိတ်နှင့် စစ်မှန်သောမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေမည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာပြီး နောင်တစ်ခေတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်ပေါ် လာစေချင်ကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ကဏ္ဍကြီး (၄)ရပ်ပါဝင်ရာ အသိပညာပေးဟောပြောခြင်း ကဏ္ဍတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ” မြန်မာနိုင်ငံတစ်ဝန်း ပြတိုက်များ ခင်းကျင်းပြသခြင်းအကြောင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအကြောင်း ” ၊ ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က “မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအကြောင်း“၊ မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက
” နိုင်ငံချစ်စိတ် စစ်မှန်သော မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရေး ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်း ဖြစ်မှုအတွက် သမိုင်းကြောင်းများ” ဟောပြောခြင်းတို့ကို ဆောင်ရွက်ကြပါသည်။
ဖျော်ဖြေတင်ဆက်မှုများကဏ္ဍတွင် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာခြင်းလုံး အလှအက ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ မြန်မာ့ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက် ခြင်းတို့ကို ဟောပြောခြင်းကဏ္ဍနှင့် တစ်လှည့်စီ ဆောင်ရွက်ကြပါသည်။ ခင်းကျင်းပြသမှုများ ကဏ္ဍတွင် မြန်မာ့ရိုးရာရုပ်သေးပြကွက်၊ ကြိုးကြီးချိတ်ပြကွက်၊ သနပ်ခါးပြကွက်၊ မြန်မာ့ရိုးရာခြင်းလုံး ပြကွက်၊ ပန်းချီ ပန်းပုပြကွက်များဖြင့် ခင်းကျင်းပြသခြင်းနှင့် လက်တွေ့ရေးဆွဲပြသခြင်း ပြကွက်များ၊ Digital Exhibition ကဏ္ဍတွင် ကျောင်းသား/ သူများလှုပ်ရှားမှုပုံရိပ်များကိုHolographic Fan ပြကွက်၊ တိုင်းရင်းသားဝတ်စုံများကို AR Systemဖြင့် ဝတ်ဆင်ကြည့်ခြင်းပြကွက်များနှင့် လူငယ်များအတွက် Quiz ဉာဏ်စမ်းပဟေဠိကဏ္ဍတို့ဖြစ်သည်။
လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ဖိတ်ကြား ထားသည့်ဧည့်သည်များ၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ ပညာပေးပြကွက် များတွင် ပူးပေါင်းပါဝင်သူများ (၁၆၇)ဦး နှင့် ကောင်းမြတ်သာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၂၀)ဦး၊ ကြီးကြပ်သူဆရာ (၁၀)ဦး၊ အထက(၂)လသာအထက်တန်းကျောင်း မှ ကျောင်းသူ (၁၂ဝ)ဦး နှင့် ဆရာအတတ်သင်ကျောင်းမှ (၈၀)ဦး စုစုပေါင်း (၄၆၇)ဦး နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများကလည်း Online System ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။





















