သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရွှေတိဂုံဘုရား ဗုဒ္ဓပြတိုက်နှင့် ဗိုလ်တထောင်ဘုရားပြတိုက် ခင်းကျင်းမှုများအား အကြံပြုစစ်ဆေးရန်ကုန် မေလ (၂၈) ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မေလ (၂၈) ရက်၊ နံနက် (၀၉:၃၀)က ရွှေတိဂုံဘုရား ဗုဒ္ဓပြတိုက်သို့ လာရောက်ကြည့်ရှု စစ်ဆေးရာ ဂေါပကအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

          ပထမဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြတိုက်အတွင်း ပြခန်းခင်းကျင်းပြသမှုများကို အသေးစိတ်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ အကြံပြုပြောကြားပါသည်။ ဒုတိယဝန်ကြီးက ပြတိုက်တာဝန်ခံများအား ပြောကြားရာတွင် ပြတိုက်များ ခင်းကျင်းရာတွင် လူထုကြား ပြတိုက်ကို ကျယ်ကျယ်ပြန့်ပြန့်စိတ်ဝင်စားလာအောင် ခေတ်နှင့်အညီ ခင်းကျင်းမှုပုံစံများဖြင့် ခင်းကျင်းရမည် ဖြစ်ကြောင်း၊ တန်ဖိုးကြီးလှသည့် ရှေးဟောင်းပစ္စည်း၊ လက်ရာများကို ခင်းကျင်းပြသရာတွင် ကြည့်ရှုသူများ မြင်သာပြီး သမိုင်းတန်ဖိုးများသိရှိအောင် ကြည်ရှုသူများအား ပေးလိုသည့် အချက် အလက်များကို ရှင်းရှင်းလင်းလင်းသိရှိစေရန်၊ Caption များ၊ Lable များ ပြည့်စုံစွာရေးထိုး ထားကြစေလိုကြောင်း၊ ဘုရားပြတိုက်များ ခင်းကျင်းရာတွင် ပစ္စည်းများ များပြားလာသည့်အတွက် ခက်ခဲသည်ကို သိရှိပါကြောင်း၊ ခေတ်အလိုက် တူရာမျိုးစုအလိုက် ပစ္စည်းအမျိုးအစားအလိုက် စုစည်းပြသထားရမှာဖြစ်ကြောင်း၊ပြတိုက်ခင်းကျင်းရာတွင်အမြင်မတင့်တယ်မှုများမရှိစေရအောင် ပြကွက်များကို အမြဲတမ်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် စစ်ဆေးနေကြရမှာဖြစ်ပါကြောင်း၊ ပစ္စည်းများ ရေရှည်တည်တံ့အောင်၊ လေဝင်လေထွက် ကောင်းအောင် ၊ ရေငွေ့ထိန်းသိမ်းနိုင်အောင် လေအေး ပေးစက်များ တပ်ဆင်ပြီး ထိန်းသိမ်းထားကြစေလိုကြောင်း မှာကြားသည်။

          ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး ကြောင့် ပြည်နယ်နှင့်တိုင်းအလိုက် ပြတိုက်များတွင် ထိခိုက်ပျက်စီးခဲ့ရာစာရင်းများ ကောက်ယူခဲ့ ပါကြောင်း ၊ ပြတိုက်တွင် ခင်းကျင်းထားသည့် ပစ္စည်းများသည် ရွေ့ပြောင်း၍ရသည့် ရုပ်ပိုင်း ဆိုင်ရာ ယဉ်ကျေးမှုများဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုအရ သမိုင်းတန်ဖိုး ကြီးမားလှသည့် ပစ္စည်းများဖြစ်ပါကြောင်း၊ ပထမဆုံးအနေဖြင့် ရွှေတိဂုံဗုဒ္ဓပြတိုက် အဆောက်အဦကို ငလျင်ဒဏ် ခံနိုင်အောင် အင်ဂျင်နီယာများနှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးကြစေလို‌ကြောင်း၊ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားကြရမှာ ဖြစ်ပါကြောင်း၊ ပြခန်းများ ပြကွက်များကို ခင်းကျင်းရာတွင် ခုံပေါ်တွင်တင်၍ ခင်းကျင်းထားရုံနှင့် မလုံလောက်ဘဲ ပစ္စည်းများကို မြဲမြံအောင် နောက်ခံနံရံ သို့မဟုတ် တင်ခုံနှင့် ကုတ်တွယ်ထားရန် လိုအပ်ကြောင်း၊ ထိုသို့ခင်းကျင်းရာတွင်လည်း ခိုင်မာသည့် နည်းလမ်းများကို အသုံးပြုရာ၌ မျက်စိပသာဒ ရှိစေရန်စဉ်းစား၍ အသုံးပြုကြစေလိုပါကြောင်း၊ တန်ဖိုးကြီးပစ္စည်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ နောက်ထပ် နည်းလမ်းတစ်ခုမှာ ပစ္စည်းတင်ခုံ များကို လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင် လေးလံအောင် ပညာရှင်များနှင့်တိုင်ပင်ပြီး စီမံ ဆောင်ရွက်ထားစေလိုကြောင်း၊ ရုပ်တုများ၊ ကြီးမားလေးလံသည့် ပစ္စည်းများကို ငလျင်ဒဏ်ခံ ခင်းကျင်းသည့်အနေဖြင့် အောက်မှ ကုတ်တွယ်သည့်စနစ်အပြင် အလယ်မှ ငါးဖမ်းကြိုးတွဲချည် သည့်စနစ်များကို အသုံးပြုစေလိုကြောင်း ၊ ဗီရိုများကို မလဲပြိုအောင် နောက်ခံနံရံ သို့မဟုတ် ကြမ်းပြင်နှင့် တွဲဆက်ထားစေလိုပါကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် ပစ္စည်း မူလတန်ဖိုးများ မပျက်ယွင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ၊ ပြတိုက်ပစ္စည်းများ ထိန်းသိမ်းနိုင်အောင် စတိုခန်းများလည်း ထားရှိရန် လိုအပ်ပါကြောင်း ၊ ရွှေတိဂုံစေတီတော်ပြတိုက်အား Digital Museum ပေါ်ထွန်း လာရေးဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပြတိုက် ပညာရှင်များက လုပ်ငန်းဆောင် ရွက်မှုများအား ရှင်းလင်းတင်ပြကြပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။           ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အဖွဲ့သည် ဗိုလ်တထောင်ဘုရားသို့‌ ရောက်ရှိလာ ရာဂေါပကအဖွဲ့ဝင်များက ကြိုဆိုကြပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆံတော်တိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို စစ်ဆေးကြည့်ရှုသည်။ ထို့နောက် အစည်းအဝေးခန်းမ အတွင်း ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ပြတိုက်တွင် ပစ္စည်းများ ငလျင်ဒဏ်ခံနိုင်ရန် စနစ် တကျခင်းကျင်းပြသထားရေး၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးနှင့် Digital Museum အဖြစ် အဆင့်မြှင့်တင်ရေး လိုအပ်သည်များ အကြံပြုပြောကြားခဲ့ပါကြောင်း သတင်းရရှိသည်။

Loading