မြန်မာနိုင်ငံ၏တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာအထောက်အထားအချက်အလက်ဆွေးနွေးပွဲကျင်းပ

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားပြုစုရေးအတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမ တွင် ယနေ့ နံနက် ၉:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့်အရာရှိကြီးများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊  ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ကြပါသည်။

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလ သမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့်ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် လူသားအဦးအစ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုထွန်းကားခဲ့သည့် သမိုင်းမတင်မီကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလတို့နှင့် ပတ်သက်၍ မူကြမ်းများ ရေးသားခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းမူကြမ်းများကိုလည်း သမိုင်းစဉ်ဆွေးနွေးပွဲ များ အကြိမ်ကြိမ်ပြုလုပ်၍ ပညာရှင်ကြီးများမှ အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ တစ်ဆက်တစ်စပ် တည်းသော မြန်မာသမိုင်းအတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ မြန်မာသမိုင်း အဖွဲ့မှ ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် အရာရှိကြီးများ၊ သက်ဆိုင်ရာ သမိုင်းစဉ်ကို အထောက်အကူပြုသည့် သုတေသနပြု တူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသော ဌာနတွင်းနှင့် အငြိမ်းစားပညာရှင်များ၊ ဌာနတွင်းမှ လေ့လာသူ မျိုးဆက်သစ်ဝန်ထမ်းများ ကို ဖိတ်ခေါ်၍ တက်ရောက်ဆွေးနွေးစေခြင်းဖြစ်ပါကြောင်း၊ တစ်ဆက်တစ်စပ်တည်း​သော သမိုင်းစဉ် ဆွေး​နွေးပွဲနှင့်ပတ်သက်၍ ခေတ်အလိုက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက် ဆွေးနွေးပွဲကို အမျိုးသားပြတိုက် (ရန်ကုန်)၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ၊ ၂၁၊ ၂၂ ရက်နေ့များတွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈၊ ၂၉ ရက်နေ့များတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇၊ ၈ ရက်နေ့များတွင် တတိယအကြိမ်အဖြစ် လည်းကောင်း ပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့တွင် သမိုင်းတင်ခေတ်ဖြစ်သော ရှေးဦးမြို့ပြ တည်ထောင် သော ပျူခေတ်ကာလ ပျူဂီတနှင့် ဝတ်စားဆင်ယင်မှု အထောက်အထားများဆိုင်ရာ တွေ့ရှိချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦး မြို့ပြတည်ထောင်ခဲ့ကြသော ပျူမြို့ဟောင်းများကို နေရာအနှံ့အပြားတွင် တွေ့နိုင်ပါကြောင်း၊ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ပြီးဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများသာမက အခြားသော ပျူရှေးမြို့ဟောင်းများဖြစ်သည့် ပင်လယ်(မိုင်းမော) မြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ်မြို့ဟောင်း(သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်း စသည်ဖြင့် တူးဖော်သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ကြသည်ကို တွေ့နိုင်ပါကြောင်း၊ ပျူအက္ခရာနှင့် ပျူစာပေအထောက်အထားများကို သုတေသနပြုတွေ့ရှိခဲ့သော အထောက်အထား အချက်အလက် ခိုင်ခိုင်မာမာဖြင့်ဖြည့်စွက်၍ ထည့်သွင်း ရေးသားဖော်ပြထားသည့် စာတမ်းမူကြမ်းကို ယခုတက်ရောက်လာသော ပညာရှင်များက အကြံပြု ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သော နှစ် (၅၀)ကျော်က ရေးသားထားသည့် “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း” သာရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်းတွက်ချက် မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည်လည်း ပိုမို၍ရုပ်လုံးပေါ် ပြည့်စုံလာပြီဟုယူဆရပြီး တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်းနိုင်ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်ကို အသစ်တွေ့ရှိရသော အထောက်အထားများဖြင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားရာတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်ကြီးများ၊ သုတေသနပြုလုပ်ငန်းများတွင် နှစ်ပေါင်း(၂၀) ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနတွင်းနှင့် အငြိမ်းစားပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံ၏ မြို့ပြတည်ထောင်မှု (Urbanization) စတင်ခဲ့ပြီး ပျူခေတ်ကာလနှင့်ပတ်သက်၍ အနောက်တိုင်းသမိုင်းဆရာများနှင့် ယခင်ကရေးသားမှုများစွာရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြား တွင် ပျူခေတ်ဆိုင်ရာ အထောက်အထားများစွာ တွေ့ရပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ ကြွရောက်လာပါသော ပညာရှင်ကြီးများ၊ ဌာနတွင်းနှင့် အငြိမ်းစားပညာရှင်များ၊ ဦးစီး ဌာနမှ ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူ ပညာရှင်များ အနေဖြင့် ပျူအက္ခရာ၊ ပျူစာပေ၊ ပျူအသံထွက်၊ ပျူအနုပညာ၊ ပျူဂီတ၊ ပျူအကနှင့် ဝတ်စားဆင်ယင်မှု အထောက်အထားများနှင့်ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဂီတ၊ သဘင်ပါမောက္ခများနှင့် ပညာရှင်များ၊ ဆက်စပ်ဌာန ဆိုင်ရာများ၊ တက္ကသိုလ်များမှ ရှေးဟောင်းသုတေသန၊ သမိုင်း၊ မနုဿဗေဒ၊ မြန်မာစာ၊ အနုပညာ၊ ပါမောက္ခဌာနမှူးများ မြန်မာသမိုင်းအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသန ဝါသနာရှင်များ ပညာရှင်များ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲတွင် သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်တွေ့ရှိသည့် ဟိန္ဒူဘာသာ အထောက်အထားများ၊ ပျူဂီတ၊ ပျူသီချင်း၊ အကဝိသေသလက္ခဏာများနှင့် အနုသုခုမဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် ပျူခေတ်ဂီတအနုပညာဆိုင်ရာ အထောက်အထားများ၊ ပျူခေတ်ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု သုတေသနပြုတွေ့ရှိချက်များ၊ ပျူအက္ခရာ၊ ပျူအသံထွက်၊ ပျူစာပေဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များ၊ ပျူခေတ်ရေအသုံးချမှု၊ ရေစီမံခန့်ခွဲမှု၊ မြို့ရိုးမြို့တာကာကွယ်ရေးစနစ် များသုတေသနပြုတွေ့ရှိချက်များ၊ သံခေတ်နှင့် ပျူခေတ် DNA သုတေသနဆောင်ရွက်နေမှုနှင့် ကာဗွန်သက်တမ်းသုတေသနဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များနှင့်ပတ်သက်၍ သုတေသနပြုတွေ့ရှိချက် များအား ပညာရှင်ကြီးများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက် လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင်များ၏ ဆွေးနွေး ချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်များကို ၁၅:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading