မြန်မာနိုင်ငံ၏တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်စာအုပ်အတွက်ပညာရှင်များနှင့်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ ၂၀.၆.၂၀၂၅ ရန်ကုန်

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုပုံနှိပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို  ၂၀.၆.၂၀၂၅ ရက်နေ့နံနက် (၀၈:၃၀) နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသနတူးဖော်မှုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြ ပါသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တစ်ဆက် တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲများ (၃)ကြိမ် ပြုလုပ်ခဲ့ပြီး ခိုင်မာသော အချက်အလက်များ၊ မှတ်တမ်းပြုစုခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထုသိရှိစေရန်  သမိုင်းစဉ် စာအုပ်ထုတ်ဝေရာတွင် အခန်းကဏ္ဍ၊ ခေါင်းစဉ်များ ခွဲခြားရန်၊ ခိုင်မာသောသုတေသန အချက်အလက်များကို အခြေခံ၍ သမိုင်းပညာရှင်ကြီးများ၏ အကြံပြုချက်နှင့်အညီ  ပြန်လည် စုစည်းသွားရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်မှ ယခုနှစ် ၂၀၂၅ ခုနှစ် အထိ အသစ်တူးဖော်တွေ့ရှိမှုများ၊ ပျူကျောက်စာများ ဖတ်ရှုဘာသာပြန်တွေ့ရှိချက်များကို အခြေခံ၍ ပျူယဉ်ကျေးမှုကို ဖြည့်စွက်ပြင်ဆင် ရေးသားရမည်ဖြစ်သကဲ့သို့ ပရိုင်းမိတ်၊ ကျောက်ခေတ်လယ်၊ ကြေးခေတ်၊ သံခေတ်များကဲ့သို့ မြန်မာ့သမိုင်းကို လုံးဝပြောင်းလဲစေသည့် အသစ်သုတေသနပြု တွေ့ရှိမှုများကို ပြည်သူလူထုသိရှိစေရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ် ကျောင်းသားလူငယ်များပါ သိရှိစေရန်၊ ပုံနှိပ်ထုတ်ဝေရမည်ဖြစ်ပါကြောင်း၊ ခိုင်မာသော သမိုင်းဖြစ်ရန် လိုအပ်သကဲ့သို့ အရှိကို အရှိတိုင်းသာ ရေးသားပြင်ဆင် ဖြည့်စွက်ပေးရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဌာနဆိုင်ရာမှ ပညာရှင်ကြီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မာတိကာပိုင်းကို ပြန်လည်ပြင်ဆင်ရေးရန်လိုပါကြောင်း၊ သမိုင်းစဉ်ကဏ္ဍရေးသား ပြုစုရာတွင် ကမ္ဘာကြီးဖြစ်တည်ပုံ၊ ပရိုင်းမိတ်ကာလမှ စတင်ရေးသားထားပါကြောင်း၊ သမိုင်းမတင်မီ ပရိုင်းမိတ် ကာလကိုရေးသားရာတွင် ဘူမိဗေဒမှ ပါမောက္ခများနှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ပူးပေါင်းရေးသားထားပါကြောင်း၊ ကြေးခေတ်၊ သံခေတ်ကို ပြည်ပပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်တွေ့ရှိချက်များကို အခြေခံရေးသားထားပါကြောင်း၊ ပျူခေတ်အကြောင်းကိုလည်း အချို့အရာများ ပြင်ဆင်ကာ ကျစ်ကျစ်လျစ်လျစ်နှင့်ရေးသားပြုစုနိုင်ရန် သမိုင်းပညာရှင်ကြီးများက အကြံပြုပေးစေလိုပါကြောင်း၊ သမိုင်းစဉ်စာအုပ် ပြုစုခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူသားများ စတင်ဖြစ်တည်ချိန်မှ ပျူခေတ်အထိ တစ်ဆက်တစ်စပ်တည်းသမိုင်းနှင့် မြန်မာနိုင်ငံသမိုင်းတွင် ကွက်လပ်ဖြစ်နေသော ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် အသစ်ထပ်မံတွေ့ရှိချက် အထောက် အထားများကို ပြင်ဆင်ဖြည့်စွက်ရန် ဖြစ်ပါကြောင်း၊ ပရိုင်းမိတ်ကာလနှင့်ပတ်သက်၍ နိုင်ငံတကာ ပညာရှင်များ ရေးသားပြုစုထားသည်များကို အခြေပြုပြီး မြန်မာ့ရေ မြန်မာ့မြေပေါ် ဖြစ်ပေါ်ခဲ့သော လူသားမျိုးနွယ်အကြောင်းကို ပညာရှင်များ၏ တွေ့ရှိချက်အတိုင်း ရေးသားထားပါကြောင်း၊ ပျူခေတ် ကာလသမိုင်းစဉ် အထောက်အထားများကို အသစ်တွေ့ရှိချက်များသာမက ခေတ်မီသက်တမ်း တွက်ချက်မှုများကိုပါ ဖြည့်စွက်ရေးသားထားပါကြောင်း၊ သမိုင်းပေါ်လွင်ရန်ဖြစ်၍ မြန်မာသမိုင်းအဖွဲ့ ပညာရှင်များနှင့် စိစစ်ရေးအဖွဲ့ ပညာရှင်များက တည်းဖြတ်ပေးရန်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါ သည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင် များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးပြောကြားချက်များကိုလည်း မှတ်တမ်းတင်ထားပြီး အထောက်အထားခိုင်မာမှုအပေါ် စိစစ်၍ ထည့်သွင်းဖော်ပြ ရေးစိစစ်ပေးရန်ဖြစ်ပါကြောင်း၊ သမိုင်းစဉ်စာအုပ်ကို အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ပညာရှင်ကြီးများက အားထုတ်စိစစ်ပေးစေလိုကြောင်း ပြောကြား ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၁၅:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်

Loading