
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်း ပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center) သို့ ရောက်ရှိကာ တည်ဆောက်လုပ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) သည် မြေအောက်နှစ်ထပ် မြေပေါ်သုံးထပ် အဆောက်အအုံဖြစ်ပြီး အလျားပေ ၃၅၀ x အနံ ၂၅၀ ပေကျယ်ဝန်းသော မြေဧက ၇.၄၁ ဧကပေါ်ရှိ Steel Structure Building ဖြစ်ပါသည်။
ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့အား ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် Myanmar Land and Development Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိသော လုပ်ငန်း (၇) ခု၏ ဆောင်ရွက်မှုနှင့် လုပ်ငန်းပြီးစီးမှုတို့ကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရေဂါလန် (၃၀၀၀၀)ဆံ့ Ground Tank (၂) လုံး တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ (၈) လက်မ Tube Well တူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း ၊ Steel Structure ဆီဆေးသုတ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ RC Wall နံရံများ အချောကိုင်ခြင်း၊ ရေလုံဆေးသုတ်ခြင်းလုပ်ငန်း များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပါသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လမ်းညွှန်မှုပြုရာတွင် တည်ဆောက်ရေး လုပ်ငန်းအဆင့်တိုင်း ဆောင်ရွက်ရာ၌ စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ သုံးစွဲရေး၊ Structure ပါအတိုင်း အဆင့်တိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC Team)က အလေးထားစစ်ဆေးသွားရေး ၊ QC Report တင်ပြပေးရေး၊ လိုက်နာဆောင်ရွက်မှု မှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ပေးရေး ၊ ငလျင် ရစ်(ချ်) စတာ စကေး ၈. ၀ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရေး စသည်ဖြင့် လိုအပ်သည်များအား မှာကြားခဲ့ပါသည်။
၂
အနုပညာဗဟိုဌာန (Myanmar Arts Center) ကို ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ပြယုဂ်တစ်ခု ဖြစ်ပါသည်။ အဆိုပါအဆောက်အဦးကို ၂၀၁၅ ခုနှစ်မှစတင်၍ စီစဉ်ဆောင်ရွက်ခဲ့ပြီး ၂၈-၃-၂၀၁၆ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကာ ယခုအချိန်တွင် အနုပညာဗဟိုဌာနရှိ ပင်မ အဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase-1 အဆင့် တည်ဆောက်ပြီးစီး၍ လိုအပ်သော ရေရရှိရေးနှင့် မီးသွယ်တန်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။