အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာအခြေပြမြေပုံ၂၀၂၅စောင့်ကြည့်ရေးနှင့်အကဲဖြတ်လေ့လာခြင်းဆိုင်ရာစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ ASEAN-China Cooperation Fund (ACCF) ရန်ပုံငွေဖြင့် “အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အခြေပြမြေပုံ ၂၀၂၅ စောင့်ကြည့်ရေးနှင့် အကဲဖြတ်လေ့လာခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Novotel Yangon Hotel ၌ ကျင်းပသည်။

          ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ် ဦးစံလွင်မှ online ဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့် အမှာစကား ပြောကြားရာတွင် “ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ (CLMV)တို့တွင် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာလှုပ်ရှားမှုများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော်လည်း အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်သည် အာဆီယံပြည်သူများ၏ လူနေမှုဘဝ အရည်အသွေးမြှင့်တင်ရေးအတွက် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှုများ တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ယနေ့ကျင်းပသော အာဆီယံ လူမှု – ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အခြေပြမြေပုံ စောင့်ကြည့်ရေးနှင့် အကဲခတ်လေ့လာခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းသည် အာဆီယံ၏ အနာဂတ်ကို ပူးပေါင်းဖန်တီးနိုင်ရန်၊ မိမိတို့၏ စုပေါင်းစွမ်းရည်များကို မြှင့်တင်နိုင်မည့် အရေး ပါသော စီမံကိန်းတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ များရှိ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် လုပ်ငန်းအစုအဖွဲ့များ၏ စွမ်းရည်များကို မြှင့်တင်ရန်ဖြစ်ပါကြောင်း၊

ထို့ပြင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံအကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း (M&E)ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသိပညာများကို တိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းတစ်ရပ်ဖြစ်ပါကြောင်း၊

အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံအကဲဖြတ်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းစနစ်များကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော နည်းပညာ များနှင့် အသိပညာများကို အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် လုပ်ငန်းအစုအဖွဲ့များ တာဝန်ရှိသူများအား ဖြန့်ဝေပေးသွားခြင်းဖြင့် ထိရောက်မှုရှိသော အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံအကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊

ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများတွင် ခိုင်မာသော အာဆီယံ လူမှု – ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံအကဲဖြတ်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းစနစ်တစ်ခုကို တည်ဆောက်နိုင်ခြင်းဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် အထောက် အထားအပေါ်အခြေခံ၍ မူဝါဒချမှတ်မှုစွမ်းရည်များ ပိုမိုမြင့်တက်လာမည်ဖြစ်ပါကြောင်း၊

ဤစီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် များစွာ မူတည်ပါကြောင်း၊

နိဂုံးချုပ်အနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ – တရုတ် ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖွဲ့နှင့် အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးတို့မှ ကိုယ်စားလှယ်များနှင့် အခြားတာဝန်ရှိသူများ၊ ဤစီမံချက်အောင်မြင်ရေးအတွက် ပံ့ပိုးမှု၊ နည်းပညာ၊ အကြံဉာဏ်နှင့် အခြားထောက်ပံ့မှုများအားလုံးအတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် သင်တန်းမှရရှိသည့် အသိအမြင်များ ကြိုးပမ်းအားထုတ်မှုများသည် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏

ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအပေါ် တိုင်းတာရာ၌ များစွာအထောက်အပံ့ပြုမည်ဖြစ်ပြီး အာဆီယံ လူမှု – ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံအသစ်ရေးဆွဲရာ၌ ပိုမိုကောင်းမွန် သည့် မဟာဗျူဟာများကို သတ်မှတ်နိုင်မည်ဟု ယုံကြည်ပါ‌ကြောင်း” ပြောကြားခဲ့ပါသည်။

          ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဖွင့်ပွဲအခမ်းအနားပြီးမြောက်ကြောင်း သိရှိရသည်။ ဤအာဆီယံ လူမှု – ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အခြေပြမြေပုံ ၂၀၂၅ စောင့်ကြည့်ရေးနှင့် အကဲဖြတ်လေ့လာခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို CLMV နိုင်ငံ များမှ တစ်နိုင်ငံလျှင် သင်တန်းသူ၊ သင်တန်းသား (၈) ဦးစီနှင့် မြန်မာနိုင်ငံမှ အာဆီယံလူမှု- ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် ဆက်စပ်လုပ်ငန်းအစုအဖွဲ့များမှ ကဏ္ဍတစ်ခုလျှင် တစ်ဦးစီဖြင့် (၁၅) ဦး စုစုပေါင်း (၃၉) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းအား ဇူလိုင်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Loading