ဟန်လင်းပျူမြို့ဟောင်း

ဟန်လင်းပျူမြို့ဟောင်းသည် အထက်မြန်မာနိုင်ငံ၊ ရွှေဘိုမြို့နယ်၏ အရှေ့တောင်ဘက် (၁၁)မိုင် အကွာတွင် တည်ရှိသည်။ ထိုရှေးဟောင်းနေရာကို ၁၉၀၄-၁၉၀၅ ခုနှစ်တွင် ကွင်းဆင်းရှာဖွေခဲ့ပြီး ၁၉၂၉-၁၉၃၀တွင် စမ်းသပ် တူးဖော်မှုအနည်းငယ် ပြုလုပ်ခဲ့သည်။ ဟန်လင်းမြို့ဟောင်းတွင် စနစ်တကျ တူးဖော်မှုများကို ၁၉၆၂ ခုနှစ်တွင် စတင်ခဲ့သည်။ ဟန်လင်းမြို့ဟောင်းမှာ ထောင့်မှန်စတုဂံပုံစံ ရှိသည်။ ၂၀ဝ၅ ခုနှစ်တွင် ဟန်လင်းမြို့ဟောင်းရှိ ရွှေဂူကြီးဘုရား၏တောင်ဘက်နှင့် မြောက်ဘက်တွင် လက်ရှိတူးဖော်မှုများကို လုပ်ဆောင်ခဲ့သည်။ တူးဖော်မှုတွင် ကျောက်ဖြစ်ရုပ်ကြွင်း လူအရိုးစုစုပေါင်း (၁၁)စုံကို တူးဖော်တွေ့ရှိခဲ့သည်။ လက်ရှိကာလအထိ တူးဖော်မှု ကုန်းပေါင်း(၄၄)ကုန်း တူးဖော် သုတေသနပြုပြီး ဖြစ်ပါသည်။

တူးဖော်မှုကုန်းအမှတ် HL-22

HL-22 သည် ဟန်လင်းမြို့ဟောင်း၏ အရှေ့မြောက်ထောင့်မြို့ရိုးပေါ်တွင်ရှိသော Standard Point (SP) အမှတ် မှ အနောက်ဘက်သို့ ပေ(၂၃၀၀)၊ တောင်ဘက်သို့ ပေ(၄၀၂၀) တွင်ရှိပြီး မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂၈ မိနစ် ၃၉.၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၈မိနစ် ၃၆.၂ စက္ကန့်တွင် တည်ရှိပါသည်။ တူးဖော်တွေ့ရှိရသော အဆောက်အအုံမှာ ဘာသာရေးအဆောက်အအုံ ဖြစ်ပြီး၊ အရွယ်အစားမှာ အလျား(၁၂.၈)မီတာ အနံ( ၁၂.၈)မီတာကို တွေ့ရှိရပါသည်။ အုတ်၊ ကျောက်တို့ဖြင့် တည်ဆောက်ပါသည်။ တူးဖော်မှုမှ ၂၃×၂၃× ၇.၆ စင်တီမီတာ၊ ၄၀.၆× ၂၃×၇.၆ စင်တီမီတာရှိ အုတ်ချပ်များနှင့် မြေဆီမီးခွက်နှင့် မြေထည်ပစ္စည်း၊ သံမယ်နများ၊ သံပါသော ကျောက်ပြားတိုင်များ၊ မီးသွေးစများ၊ မြေမီးဖုတ်ရုပ်ထုအပိုင်းအစများကို တွေ့ရှိခဲ့ရပါသည်။ အပေါ်ယံမြေလွှာ၊ အုတ်ကျိုးရောမြေလွှာ၊ ကျောက်ပြုတ်လွှာ၊ နီညိုရောင်မြေစေးလွှာ၊ သဲဝါမြေ (ကျစ်) ဟူ၍ မြေလွှာအမျိုးအစား (၅)မျိုး တွေ့ရှိရပါသည်။ အဆောက်အအုံအတွင်း၌ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်အုတ်ရိုးတန်းများ၏ အလယ်ခန့်တွင် ကျောက်ပြားများကို အစီအစဉ်တကျ စိုက်ထူထားသည်။ ကျောက်ပြားများ၏ပျမ်းမျှအမြင့် (၃ပေ)မှ (၅ပေ)အထိ ရှိသည်။ မြောက်ဘက် အုတ်ရိုးတန်း၏ အလယ်ဗဟိုခန့်တွင် ၃:၃:၂ ဖြင့် စုစုပေါင်း (၈)တိုင်၊ အရှေ့ဘက်အုတ်ရိုးတန်း၏ အလယ်ဗဟိုခန့်တွင် ၅:၄ ဖြင့် စုစုပေါင်း(၉)တိုင်၊ တောင်ဘက်အုတ်ရိုးတန်း၏ အလယ်ဗဟိုခန့်တွင် ၅:၄:၁ ဖြင့် စုစုပေါင်း(၁၀)တိုင် စိုက်ထူထားရှိပြီး ဘာသာရေးအထိမ်းအမှတ်အဖြစ် ဤသို့ ကျောက်တုံးကြီးများစိုက်ထူသည့်ဓလေ့ကို (Megalithic Culture) ဟုခေါ်ကြသည်။ ကုန်းအမှတ်(၂၂)ကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်ကြိမ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ပါသည်။

ဟန်လင်းကျောက်စာရုံရှိ ပျူကျောက်စာချပ်များ

ဟန်လင်းမြို့ဟောင်း၌ ရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းလေ့လာမှုများကို ၁၉၀၄ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့ကြပြီး ဟန်လင်းမြို့ဟောင်းနှင့် အနီးဝန်းကျင်မှ ရှေးဟောင်းကမ္ပည်း ကျောက်စာများကိုလည်း တွေ့ရှိစုဆောင်းခဲ့ကြပါသည်။ ဟန်လင်းကျောက်စာရုံကို ၁၉၅၇-၅၈ ခုနှစ်တွင် ခွင့်ပြုရန်ပုံငွေ ၁၆၀၆ ကျပ်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၃-၆၄ ခုနှစ်တွင် ထပ်မံတိုးချဲ့မွမ်းမံ ခဲ့ပါသည်။ ဟန်လင်းကျောက်စာရုံအတွင်း၌ စုစုပေါင်းကျောက်စာ(၂၁)ချပ် စုဆောင်းထိန်းသိမ်း ထားရှိပြီး ပျူဘာသာဖြင့်ရေးထိုးထားသော ကျောက်စာ(၃)ချပ်၊ ပျူကျောက်ဆစ်ရုပ်ကြွများ ထွင်းထုပါရှိသည့် ကျောက်စာ(၁)ချပ်အပါအဝင်ဖြစ်ပါသည်။ ကျန်ရှိသော ကျောက်စာချပ်များမှာ ရှေးဟောင်းမြန်မာအက္ခရာဖြင့်ရေးထိုးထားပြီး လယ်မြေ၊ ဥယျာဉ်၊ ကျွန်၊ ဝတ္ထုပစ္စည်းနှင့် ကျွဲ၊ နွားတို့ကို လှူဒါန်းမှုပြုလုပ်သော မှတ်တမ်းများရေးထိုးထားပါသည်။ ယင်းကျောက်စာများအနက် နဂါးရုန်းကန်ဘောင်ရိုး၏ အနောက်ဘက်ကုန်းစောင်းမှ ရှာဖွေတွေ့ရှိခဲ့သော ပျူအက္ခရာဖြင့်ရေးထိုး ထားသည့် စာကြောင်းနှစ်ကြောင်းပါရှိသောကျောက်စာမှာ အေဒီ(၄)ရာစု အချိန်ကာလနှင့်သက်ဆိုင် ကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါကျောက်စာကို ဟန်လင်းရှေးဟောင်းသုတေသနပြတိုက် အတွင်း၌ ခင်းကျင်းပြသထားပါသည်။

ဟန်လင်းကျောက်စာရုံမှ ကျောက်စာအမှတ်(၁)

၁၉၆၃ ခုနှစ်တွင် သုတေသနဝန်ထောက် ဦးစိန်မောင်ဦးသည် ဟန်လင်းကြီးမြို့ဟောင်း အတွင်း တူးဖော်မှုကုန်းအမှတ်(၂)၏ အရှေ့မြောက်ယွန်းယွန်း (၂) ဖာလုံခန့်အကွာရှိ ဦးဆောင်း၏ ယာခင်းအတွင်းမှ ပျူကျောက်စာတစ်ချပ်(တွေ့ရသမျှတွင်အကြီးဆုံး)ကို တွေ့ရှိခဲ့ပါသည်။ ၎င်း ကျောက်စာချပ်ကြီးကို မူလတွေ့ရှိသောနေရာမှ ဖော်ယူရွှေ့ပြောင်း၍ ဟန်လင်းကြီးရွာအတွင်းရှိ ကျောက်စာရုံတွင် ၁၉၆၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က အုတ်ခုံဖြင့် စိုက်ထူထားခဲ့ခြင်းဖြစ်ပါသည်။ (ASB. 1963-64) ကျောက်စာအမှတ် (၁)ဖြစ်ပြီး အရွယ်အစားမှာ အမြင့် (၄ ပေ၊ ၁၁လက်မ)၊ ဗျက် (၄ ပေ၊ ၅လက်မ)၊ ထု(၈လက်မ) ရှိ၍ စာကြောင်းရေ(၁၄)ကြောင်းပါရှိပါသည်။ ပင်မစာကြောင်း (၇) ကြောင်းရှိပြီး၊ ယင်းစာကြောင်းများအောက်တွင် စာလုံးငယ်များ တစ်တန်းစီ ကြားညှပ်ပါရှိသဖြင့် စုစုပေါင်း (၁၄)ကြောင်း တွေ့ရှိရခြင်းဖြစ်ပါသည်။ ယခင်တွေ့ရှိပြီးသော ပျူကျောက်စာများထက် စာသားပြည့်စုံ၍ အက္ခရာများလည်းပိုမို ထင်ရှားပါသည်။ စာသားအက္ခရာများ၏ ညီညွတ်လှပ သေသပ်ခြင်းနှင့်် ကျောက်စာအရွယ်အစားကိုထောက်၍ ထိုခေတ်ကာလက အရေးပါအရာရောက်သူ ပုဂ္ဂိုလ်တို့၏ အရေးကြီးသောအကြောင်းအရာကို ရေးထိုးထားခြင်းဖြစ်မည်ဟု ခန့်မှန်းရပါသည်။ ကျောက်စာဝန်ဟောင်း ဦးမြက အေဒီ (၈/၁၀)ရာစုခန့်က အရေးအသားမျိုးဖြစ်သည်ဟု ခန့်မှန်း ပေးခဲ့ပါသည်။ ဤကျောက်စာကြီး၏ ပထမစာကြောင်းအစတွင် “သိဒ္ဓမ်” ဟုလည်းကောင်း၊ စတုတ္ထစာကြောင်းတွင် “ဂြီတြိဝိဂြမ” ဟုလည်းကောင်း၊ ထပ်မံ၍ ဖတ်ရှု့ချက်အရ စာကြောင်းရေ(၂)၌ ကျေးရွာအမည် “ပြတိရရိရော”၊ စာကြောင်းရေ(၃)၌ ကျေးရွာအမည်“ကောရာ”၊ စာကြောင်းရေ(၄)၌ မင်းအမည်“ဂြီတြိဝိဂြမ”နှင့် “သြိရဏံဂိ” တို့ကိုလည်းကောင်း၊ စာကြောင်းရေ(၆)၌ ကျေးရွာအမည် “က္ခဒ္ဒဂိရော”ကိုလည်းကောင်း ဖတ်ရှု့၍ရခဲ့သဖြင့် ဝိကြမမင်းဆက်နှင့် သက်ဆိုင်သည်ဟု ယေဘူယျ ဆိုနိုင် ကြောင်းသိရပါသည်။