ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် Heritage Impact Assessment (HIA) ဌာနတွင်းအခြေခံဆင့်ပွား သင်တန်းဖွင့်ပွဲ  ကျင်းပပြုလုပ်

ပုဂံ ၊ ၂၁.၉.၂၀၂၂

ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် Heritage Impact Assessment (HIA) ဌာနတွင်း အခြေခံဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် (၂၁.၉.၂၀၂၂)ရက်နေ့ (၀၉:၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ ‌ညောင်ဦးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများမှ သင်တန်းသားများ နှင့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ(ဒေသခံ) ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအနေနှင့် ပုဂံယဉ်ကျေးမှု အမွေ အနှစ်ဒေသ ရေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းစောင့်ရှောက်မှုများ၊ စီမံခန့်ခွဲမှုများကို ညောင်ဦး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ ညှိနှိုင်းချက်အရ  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ (၁၉.၈.၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၈/၃-၈/ ဦး ၁ (၂၂၈၉)ဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သည့် ညောင်ဦးခရိုင်/ မြို့နယ်အဆင့်ဌာန (၁၂) ဌာန၊ ထိန်းသိမ်းရေးကော်မတီဝင်များ ပါဝင်သည့် HIA စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်လိုသည့် ဌာနဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ အတွက်    ယဉ်ကျေးမှုအမွေအနှစ်ပေါ် ထိခိုက်နိုင်မှု ရှိ/ မရှိ စစ်ဆေးခြင်းများကို အဆိုပါအဖွဲ့ဖြင့် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသည် မြန်မာ နိုင်ငံအတွက် ဘာသာရေးအရအရေးပါသည့် ဒေသဖြစ်သည့်အပြင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသတစ်ခုလည်းဖြစ်၍ အပြည်ပြည်ဆိုင်ရာလုပ်ထုံးလုပ်နည်း ၊ ဥပဒေများနှင့်အညီ ကာကွယ် စောင့်ရှောက်နေရသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဤဒေသတွင်  ပုဂ္ဂလိက ဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတော်စီမံကိန်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရဲ့  မူလစံတန်ဖိုး (Outstanding Universal Value)  OUV ကို မထိခိုက်အောင်  ဆောင်ရွက်ရမည့် ကတိကဝတ်ရှိပါကြောင်း၊  ၎င်းအပြင် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွင်လည်း ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် ဆောင်ရွက်ရန်လည်း ပြဌာန်းထား ပါကြောင်း၊ သို့ဖြစ်ရာ HIA စစ်ဆေးမည့် အဖွဲ့အနေဖြင့် ဆုံးဖြတ်ချက် မမှားစေရေး မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန်အတွက် ဆုံးဖြတ်ပေး ရမည့်သူများသည် HIA ၏ သဘောတရား၊ အခြေခံတို့ကို သိရှိရန် ဌာနတွင်း ဆင့်ပွား သင်တန်းဖွင့်လှစ် ပေးရခြင်းဖြစ်ပါကြောင်း၊ HIA စစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်များနှင့်   ပုဂံယဉ်ကျေးမှု အမွေအနှစ်ရဲ့ OUV များနှင့်  ထိန်းသိမ်းရန်လိုအပ်မှုများကို လေ့လာပြီး  ယဉ်ကျေးမှုအမွေအနှစ်ကို ပါဝင် ထိန်းသိမ်းပေးစေလိုပါကြောင်း၊  HIAအဖွဲ့အစည်း၏ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်မှုသည် ညောင်ဦးခရိုင်တစ်ခုလုံး၏ စည်းလုံးညီညွတ်မှု၊ အမွေအနှစ်အပေါ် ချစ်မြတ်နိုးမှု ပြယုဂ်တစ်ခု ဖြစ်၍ အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး က  အခြေခံဆင့်ပွားသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် နှင့် မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီဝင် ၊ ဦးစိုးစိုးလင်း က ဌာနတွင်း HIA အခြေခံဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်း ဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများကို (ညွှန်ကြားရေးမှူး-ငြိမ်း)က ရှင်းလင်ပြောကြားခဲ့ပါသည်။

၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ Heritage Impact Assessment (HIA) ဌာနတွင်းအခြေခံ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို  (၁၀:၀၀)နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ  Heritage Impact Assessment (HIA) ဌာနတွင်းအခြေခံ ဆင့်ပွား သင်တန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၌ စက်တင်ဘာ (၂၁) မှ (၂၃) ရက်ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.