(၂၈)ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာလ ၁၄ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့ တက်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ ကြိုဆိုခဲ့ကြပါသည်။

          ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်ကာလအတွင်း အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် H.E Samdech Akka Moha Sena Padei Techo HUN SEN အား တွေ့ဆုံနှုတ်ဆက် ဂါရဝပြုခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆက်ကပ်သည့် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ကမ္ဘောဒီးယား နိုင်ငံ၊ သာသနာပိုင် ဆရာတော်ကြီး ဆမ်ဒက်ပရယ် အဂ္ဂမဟာ သံဃရာဇာဓိပတိ တပ်ဗုံ အား သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါ သည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.