“ထိန်းသိမ်းဖွယ်ရာကွက်စိပ်ပညာ”သင်တန်းဖွင့်လှစ်သင်ကြားခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သဘင်ပညာဌာနမှ ဆရာ၊ ဆရာမများ ဦးဆောင်၍ ပထမနှစ်မှ ဒုတိယနှစ် (မဟာဝိဇ္ဇာတန်း) အထိ တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့ရိုးရာ ကွက်စိပ် ပညာတင်ဆက်ပုံကို သိရှိစေရန်၊ ဇာတ်စာ၊ ဇာတ်စကား၊ ငိုချင်းများကို နည်းစနစ်ကျနစွာ သီဆိုတတ် စေရန်၊ မြန်မာ့ကွက်စိပ်ပညာ၏တန်ဖိုးကို သိရှိနားလည်ပြီး မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် လက်ဆင့်ကမ်းမျှဝေပေးရန် ရည်ရွယ်ချက်များဖြင့်   “ထိန်းသိမ်းဖွယ်ရာ ကွက်စိပ်ပညာ”သင်တန်းကို ၂၄-၇-၂၀၂၅ ရက်နေ့မှ ၂၈-၇-၂၀၂၅ ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သဘင်ပညာဌာနတွင် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

          ၂၄-၇-၂၀၂၅ ရက်နေ့ နံနက် (၁ဝးဝဝ)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) သဘင်ပညာဌာန၊(D-   203)တွင် “ထိန်းသိမ်းဖွယ်ရာ ကွက်စိပ်ပညာ” သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပါမောက္ခချုပ်‌ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက သင်တန်းဖွင့်ပွဲတွင် အမှာစကား ပြောကြားခဲ့ပါသည်။

ဦးရဲထွဋ် (ဂုဏ်ထူးဆောင်ပါရဂူ ၊ပြင်ပပညာရှင်)က မြန်မာ့ရိုးရာကွက်စိပ်ပညာ၏ အဓိပ္ပာယ်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကွက်စိပ်သဘောသဘာဝ တို့ကိုလည်းကောင်း၊ ဦးအောင်တိုး (ဂုဏ်ထူး ဆောင်ပါရဂူ၊ပြင်ပပညာရှင်)က ကွက်စိပ်အမျိုးအစားများ၊ ကွက်စိပ် ရွတ်ဆိုတင်ဆက်ပုံ များကို သဘင်ပညာဌာန၊ ကျောင်းသား၊ကျောင်းသူ(၅၀)ဦးနှင့်ဆရာ၊ဆရာမ(၂၅)ဦး၊ စုစုပေါင်း (၇၅)ဦးကိုသင်ကြားပေးပါသည်။

          ၂၈-၇-၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၄း၀၀နာရီတွင် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက ကွက်စိပ်ဟောပြောနိုင်သူများ ပေါ်ထွက်လာခြင်းကြောင့် သင်တန်းဖွင့်ရသည့် ရည်ရွယ်ချက်အောင်မြင်ပြီး ယခုလိုအချိန်တိုအတွင်း ဟောပြောနိုင်ရန် သင်ကြားပေးခဲ့သည့် ဆရာကြီးဦးရဲထွဋ်နှင့် ဆရာကြီး ဦးအောင်တိုး တို့အား အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးကျော်စွာဝင်း လက်ထောက်ကထိက(သဘင်)က “မဟာသုတသောမ” ကွက်စိပ်ဇာတ်နှင့် မောင်ဝေယံထက်က “ကေဒါရကျေးမင်း” ကွက်စိပ်ဇာတ်ကို လက်တွေ့သရုပ်ပြ တင်ဆက်ခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်က ဆရာဦးရဲထွဋ် နှင့် ဆရာဦးအောင်တိုးတို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ကာ သင်တန်းဆင်းပွဲကို ညနေ (၁၆း၀၀) နာရီတွင်  ရုပ်သိမ်းခဲ့ပါသည်။

Loading