အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကြီးကြပ်၍ “သတင်းမီဒီယာနှင့် ဆက်သွယ်ရေးဆိုင်ရာသင်တန်း”ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ၅-၈-၂၀၂၅ ရက်နေ့မှ ၆-၈-၂၀၂၅ ရက်နေ့ အထိ ၁၀:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ ဖွင့်လှစ် သင်ကြားခဲ့ပါသည်။
အဆိုပါသင်တန်းအား သတင်းမီဒီယာနှင့် လူထုဆက်သွယ်ရေးနယ်ပယ်တွင် လူငယ်များကို စာနယ်ဇင်း/ မီဒီယာပညာ သင်ကြားပြီး မီဒီယာကဏ္ဍတွင် ကိုယ်ပိုင်ကျွမ်းကျင်မှု တိုးမြှင့်သွားစေရန်၊ သတင်းမီဒီယာသည် မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို သတင်းအချက်အလက်မှန်ကန်မှု၊ တာဝန်ရှိမှု နှင့် ပြည်သူ့အသံ ဖြစ်နိုင်မှုတို့ဖြင့် အရေးပါသော တန်ဖိုးရှိမှုကိုသိရှိစေရန်၊ လူ့စွမ်းအားနှင့် သတင်း မီဒီယာစွမ်းရည် ပေါင်းစည်းပြီး လူထုဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် သတင်းအချက်အလက်များကို မြင်သာအောင် ထုတ်ဖော်တင်ပြနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားခြင်း ဖြစ်ပါသည်။
၅-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ “သတင်းမီဒီယာနှင့် ဆက်သွယ်ရေးဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်တန်းပို့ချပေးမည့် ဆရာကြီး(၄)ဦး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၅-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သတင်းစာဆရာ၊ စာရေးဆရာ ဦးဟိန်းလတ်က “မီဒီယာနှင့် Interview အတတ်ပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဒေါက်တာ ခင်မောင်လွင်၊ ကောင်စီဝင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက “သတင်းမီဒီယာဆက်သွယ်ရေး နှင့် အပြုအမူ ပြောင်းလဲရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချပေးပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဆရာကြီး(၂)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါ သည်။
၆-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဦးဟန်မြင့်၊ Senior General Manager MITV က “Film and Media” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဦးစိုးအောင်၊ အယ်ဒီတာချုပ် (One News Media) က “Old Media and New Media” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပို့ချပေးပါသည်။ ဆက်လက်၍ သင်တန်းသားများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား)က ဆရာကြီး(၂)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။












![]()