အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ အစည်းအဝေး(၁/၂၀၂၅)သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ တက်ရောက် ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ တက်ရောက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် (၀၉:၀၀) နာရီ တွင် ကျင်းပသည်။ အစည်းအဝေးသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ပညာရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်များ ကောင်စီအဖွဲ့ဝင်များ၊ ပညာရှင်များ တက်ရောက်ကြသည်။

          ပထမဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏ ကိုယ်စား အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံက အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍမှာ ပြောင်းလဲလာသည့်ခေတ်စနစ်၊ ခေတ်မီတိုးတက်လာသည့် နည်းပညာများနှင့် လိုက်လျော ညီထွေဖြစ်စေမည့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊   မြှင့်တင်မှုများကို အမျိုးသား ပညာရေးမူဝါဒ(၁၆)ချက်၊ အမျိုးသားပညာရေး ရည်မှန်းချက်(၉)ချက်တို့ဖြင့် ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒများကို သက်ဆိုင်ရာဝန်ကြီး ဌာနများက ပညာရေးမူဝါဒများ၊ ဥပဒေများနှင့် နည်းဥပဒေ များရေးဆွဲရာမှာ ကျွမ်းကျင် ပညာရှင်များ၊ နိုင်ငံတကာပညာရေး အဆင့်ဖြစ်စေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရေး၊ လူမှုစီးပွားရေး ဘဝတွင် လက်တွေ့ အသုံးချနိုင်မည့် ပညာရေးစနစ် ဖြစ်ပေါ်လာနိုင်စေရေး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများ ကင်းလွတ်စေရေး၊ ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများအတွက် ပညာရေး အသိုက်အဝန်းနှင့် ပညာရပ်နယ်ပယ် အသီးသီးတွင် အဆင့်အတန်းသတ်မှတ်၍ အရည်အသွေး အာမခံမှုရှိသောစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်​ရေး၊ ကြီးငယ်မဟူ အသက်အရွယ်မရွေး လူတိုင်းသင်ယူနိုင်မည့် အသက်မွေးဝမ်းကြောင်းပညာရေးစနစ် ဖွံ့ဖြိုး တိုးတက်စေရေးစသည့် အချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ်ထားရှိပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များရှိ ပညာဌာနအားလုံးတွင် ကျောင်းသား၊ ကျောင်းသူ များ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်ရေးကို ဦးတည်သည့် ပိုမို တိုးတက်ကောင်းမွန်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ လေ့ကျင့်ရေးသုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်လာစေရေးအစရှိသည့် ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်အောင်  ဆောင်ရွက်လျက်ရှိပါကြောင်း၊  အမျိုးသားပညာရေး ရည်မှန်းချက်များ တွင် တွေးခေါ်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့ သားကောင်းများ ဖြစ်လာစေရေးကို လေ့ကျင့်ပျိုးထောင်ရန်၊ ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် များ၊ နည်းပညာရပ်ဆိုင်ရာများနှင့် သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့် ပျိုးထောင်ပေးရန်ဆိုသည့် အချက်များကို တာဝန်ယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ အဓိကကျသော ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာရေးကဏ္ဍတွင် –

          (က)    သင်ကြားမှု သင်ယူမှုအရည်အသွေးမြင့်မားရေးအစီအစဉ်

(ခ)   သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် သုတေသနစာတမ်းများ ရေးသား ထုတ်ဝေရေးအစီအစဉ်

          (ဂ)   အင်္ဂလိပ်စာအရည်အသွေးမြင့်မားရေးအစီအစဉ်

(ဃ)    စာကြည့်တိုက်ပိုမိုဖြည့်ဆည်းအသုံးပြုနိုင်ရေးအစီအစဉ်

(င)   Credit Transfer စနစ်တည်ထောင်ခြင်းအစီအစဉ်

(စ)     တက္ကသိုလ်ဖွံ့ဖြိုးရေးအထွေထွေစီမံခန့်ခွဲမှုများ အစီအစဉ်တို့ကို

          ဆောင်ရွက်လျက်ရှိပါကြောင်း၊

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိသည့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များအနေဖြင့်လည်း အခြားဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်များကဲ့သို့ ပညာရေးမြှင့်တင်မှုကဏ္ဍမှာ ပြောင်းလဲလာသော ခေတ်စနစ်နှင့် လိုက်လျောညီထွေမည့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြောင်းလဲနိုင်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတက္ကသိုလ်များကောင်စီ  အစည်းအဝေး တွင်   အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏   အမှာစာ (၅) စောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ အမှာစာ(၄)စောင် တင်ပြမည် ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြန်မာ့သုခုမ အနုပညာနယ်ပယ်တွင် ထူးချွန်သော အနုပညာရှင်များ ပေါ်ထွန်းစေရေး၊ ကိုယ်ကျင့်တရားကောင်းမွန်သော အနုပညာရှင်ကောင်းများ မွေးထုတ်ပေးရေးအစရှိသည့် ရည်မှန်းချက်များနှင့်အညီ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်စေရန်နှင့် ထိန်းသိမ်း၊ ဖော်ထုတ်၊ တိုးတက်ပြန့်ပွားစေရန် လက်ဆင့်ကမ်း အနုပညာအမွေများ ပေးအပ်လျက်ရှိသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်းမွန်စွာ တည်တံ့ခိုင်မြဲတိုးတက်စေရေးအတွက်  အစည်းအဝေး တက်ရောက်လာကြသည့် တက္ကသိုလ်ကောင်စီဝင် ပညာရှင်ကြီးများက အကြံဉာဏ်ကောင်း များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးစေလိုကြောင်း” ပြောကြားခဲ့ပါသည်။

          ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပညာရေးအဖွဲ့နှင့် ကောင်စီအဖွဲ့ဝင်များအား ပြင်ဆင်ဖွဲ့စည်းခွင့်၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ (Honorary Master’s Degrees)များနှင့် ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့ (Honorary Doctorates)များ အပ်နှင်းချီးမြှင့်ခွင့်၊ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် (၂၆) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အပ်နှင်းချီးမြှင့်မည့်ဘွဲ့များနှင့် ဒီပလိုမာစာရင်း များအား မှတ်တမ်းတင်ပေးနိုင်ပါရန်တို့ကို တင်ပြသည်။

          ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ပညာရေးအဖွဲ့အား ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းခွင့်၊ ဂုဏ်ထူးဆောင်မဟာ ဝိဇ္ဇာဘွဲ့(Honorary Master’s Degrees)များ အပ်နှင်းချီးမြှင့်ခွင့်၊ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တွင် အသုံးချဒစ်ဂျစ်တယ် အနုပညာဒီပလိုမာသင်တန်းနှင့် အချိန်ပိုင်းအနုပညာဒီပလိုမာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို မှတ်တမ်းတင်ပေးနိုင်ပါရန်၊ ၂၀၂၄ – ၂၀၂၅ ပညာ သင်နှစ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အပ်နှင်းချီးမြှင့်မည့်ဘွဲ့များအား မှတ်တမ်းတင်ပေးနိုင်ပါရန်တို့ကို တင်ပြသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပညာရှင်ကြီးများက အထွေထွေညှိနှိုင်းဆွေးနွေး ခြင်းများ ပြုလုပ်ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ ဒုတိယ   ဥက္ကဋ္ဌ(၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading