သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ လက်ဖက်ယဉ်ကျေးမှု အား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ၁၀.၁၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သမိုင်းသုတေသန နှင့်စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တကွ သက်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ သုတေသနပညာရှင်ဝန်ထမ်းများနှင့် ယူနက်စကိုသို့ တင်သွင်းနိုင်ရေး လုပ်ငန်း များဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားသည့်အထောက်အကူပြုအဖွဲ့တို့ကInpersonဖြင့်သော်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်)၊ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (မန္တလေး) နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ လက်ဖက်ယဉ်ကျေးမှုနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနခွဲ၊ ဌာနစုများ တာဝန်ရှိသူများက Zoom Link ဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။

                  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေး အတွက် ၂၀၀၃ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်သွင်းမည်ဆိုပါက တင်သွင်းမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သည် အမျိုးသားအဆင့် စာရင်းဝင်ရမည်ဖြစ်ပါကြောင်းနှင့် ယခု အစည်းအဝေးသည် ယူနက်စကိုသို့ တင်သွင်းမည့် လက်ဖက်ယဉ်ကျေးမှုနှင့်ပတ်သက်သည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်အမည် သတ်မှတ်နိုင်ရေး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်၊ မန္တလေး) နှင့် ဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

                  မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က မြန်မာ လူမျိုးတို့၏ လက်ဖက်စို ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ တင်သွင်းနိုင်ရေး လုပ်ငန်းများအတွက် တာဝန်များခွဲဝေရန်နှင့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဦးဆောင်၍ ရန်ကုန်တွင် အစည်းအဝေး (၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံလက်ဖက်အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ယူနက်စကို သတ်မှတ်ပုံစံ ICH-02 Form အား ဖြည့်သွင်းလျက် ရှိပါကြောင်း၊ မြန်မာ နိုင်ငံလက်ဖက်အသင်းအနေဖြင့် Consent Letter and Video၊ Statement Letter and Video များ ရယူနိုင်ရေးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တင်သွင်းမည့်ခေါင်းစဉ်(Element)အနေဖြင့် လက်ဖက်စို ယဉ်ကျေးမှုဟု လျာထားသတ်မှတ်ထားပါကြောင်း၊ အဆိုပါ ခေါင်းစဉ်တင်သွင်းရန်အတွက် ဖော်ပြ သင့်သည့် ခေါင်းစဉ်အမည်အား ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

              ဆက်လက်၍ အမျိုးသားပြတိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ယူနက်စကိုသို့ တင်သွင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းဆောင်ရွက်ရမည့် အချိန်ကာလများကို ပြောကြားခဲ့ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အပိုင်း(၉)ပိုင်း ခွဲခြားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းခြင်းကို သက်ဆိုင်ရာအစိုးရဌာနများက ဆောင်ရွက်ရပြီး ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် Form ဖြည့်သွင်းခြင်းကို သက်ဆိုင်ရာနိုင်ငံ၏ လူအဖွဲ့အစည်းများက ရေးသားရမည့် အချက်အလက်များကို ဖော်ပြပေးရမည် ဖြစ်ပါကြောင်း၊ ICH-02 Form၊ ICH -07 (Photo, Video) Form သတ်မှတ်ချက်များအတိုင်း ဖြည့်သွင်းနိုင်ရေး၊ တင်သွင်းရေး လုပ်ငန်းစဉ် (၈)ရပ်နှင့် ဆောင်ရွက်မည့် အချိန်ကာလ Time Frame များကို Power Point ဖြင့် အသေးစိတ် ဆွေးနွေး တင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် သုံးသပ် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့် ပတ်သက်၍ ခေါင်းစဉ်အမည် (Element) သတ်မှတ်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါကြောင်း၊ Consent Letter and Video၊ Statement Letter and Video များကိုလည်း ဒေသခံလူထုများဆီမှ ရရှိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများမှ သော်လည်းကောင်း၊ အခြားဦးစီးဌာနများနှင့် တက္ကသိုလ်များမှ သော်လည်းကောင်း၊ အရွယ်စုံ၊ အလွှာစုံမှ ကျား/မ မရွေး မေးခွန်းများမေး၍ ပြည့်ပြည့်စုံစုံ ရယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါ ကြောင်းနှင့် လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်၊ မန္တလေး) တို့မှလည်း ဝိုင်းဝန်း၍ ဆောင်ရွက်ပေးကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း ဆက်လက်ဆောင်ရွက်ပေးကြစေ လိုပါကြောင်း ပြောကြားပြီး ညှိနှိုင်းအစည်းအဝေးအား နေ့လည် (၁၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Loading