သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း(၁၈.၃.၂၀၂၆)ရက်နေ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ်နုမြဇံသည်(၁၈.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉:၅၀)နာရီအချိန်တွင် မွန်ပြည်နယ်ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်သို့ ရောက်ရှိ လာရာ ပြတိုက်တာဝန်ခံ ဒေါ်သူဇာဇံနှင့် ဝန်ထမ်းများက လှိုက်လှဲစွာကြိုဆိုခဲ့ကြပါသည်။ ဝန်ထမ်း များနှင့်တွေ့ဆုံ အမှာစကားပြောကြားခဲ့ပါသည်။

              ပြတိုက်လုပ်ငန်းနှင့်ပတ်သက်၍ ယခင်က Collection Centered Period (ပြသပစ္စည်းများ စုဆောင်းမှုကို အဓိကထားသောခေတ်)၊ ၎င်းနောက် Conservation Centered Period (ပြသ ပစ္စည်းများအား နည်းပညာဖြင့်ထိန်းသိမ်းမှုကို အဓိကထားသောခေတ်)၊ ထိုမှတဖန် Visitor Centered Period (ဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်းကို အဓိကထားသောခေတ်)၊ ယခုအခါ Digital Age သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ပြတိုက်များနှင့်ပတ်သက်၍ ယနေ့ခေတ် အာဆီယံ နိုင်ငံများမှ ချမှတ်သည့်ပန်းတိုင်မှာ Creative Economy (တီထွင်ဖန်တီးတတ်သော စီးပွားရေး) ဖြစ်ပြီး Publicနှင့်ဆက်စပ်သော ရိုးရာလုပ်ငန်းများ၊ အတတ်ပညာ စသည့်လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ Tourism အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ၎င်းတို့၏အကျိုးစီးပွားကို အကျိုးပြု ပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စာကြည့်တိုက် လုပ်ငန်းနှင့်ပတ်သက်၍ မွန်လူမျိုးတို့၏သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ပတ်သက်သည့် စာအုပ်စာပေများဝယ်ယူစုဆောင်းရန်၊ ကလေးသူငယ်များ ဖိတ်ခေါ်၍ စာပေ ဗဟုသုတများ မျှဝေပေးရန်၊ အောင်မြင်‌သော ပြတိုက်နှင့် စာကြည့်တိုက် ဖြစ်စေရန်အတွက် လူစည်ကားနေရန်လိုအပ်ကြောင်း၊               ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ထား သော ကျိုက်မရောမြို့နယ်ရှိ ခရုံဂူနှင့် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ် ထားသည့် ပထမနှစ်ခြင်းအသင်းတော်၏ မူလလက်ရာမပျက်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်း ထားရှိမှုအခြေအနေများကို မေးမြန်းပြီးနောက် ပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတွင်

ပြတိုက်တာဝန်ခံက ပြတိုက်အတွင်း ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသ ခဲ့ပါသည်။ ပြသပစ္စည်းများအား ခင်းကျင်းပြသမှုအပိုင်းတွင် ပြသပစ္စည်းနှင့်ကိုက်ညီသည့် ပစ္စည်းများကို ယှဉ်တွဲပြသရန်၊ ဘတ်ဂျတ်အနေအထားပေါ်မူတည်၍ ပြခန်းပြကွက်များရှိ တကွဲတပြားဖြစ်နေသော အောက်ခံအရောင်များကို တပြေးညီဖြစ်စေသည့်အရောင်များ၊ ပိတ်သားစ များဖြင့်  လဲလှယ်ခင်းကျင်းရန်၊ အများပြည်သူ ပိုမိုစိတ်ဝင်စားရန်အတွက် အလေးထားဆောင်ရွက် ကြရန်၊ ပြည်သူလူထုနှင့် ကျောင်းသားကျောင်းသူများ ဗဟုသုတပိုမိုရရှိအောင် ပြတိုက်နှင့် စာကြည့် တိုက်များမှ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန်၊ ဝန်ထမ်းများအား မိမိတို့၏လုပ်ငန်းစွမ်းဆောင်ရည်  တိုးတက်မြင့်မားစေရေးအတွက် ကြိုးစားလုပ်ဆောင်ကြရန်နှင့် လိုအပ်သည်များ မှာကြားလျက် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မွန်ယဉ်ကျေးမှုပြတိုက်မှ (၁၁:၀၀)နာရီ အချိန်၌ ပြန်လည်ထွက်ခွာသွားပါသည်။

Loading