“ပျောက်ကွယ်နေသော သမိုင်းပုံရိပ်များ” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်း မင်းရာဇာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က မြန်မာ့သမိုင်းစဉ်တစ်လျှောက် ခိုင်မာသည့်အထောက်အထားများဖြင့် မှတ်တမ်းတင်နိုင်ခဲ့သော ဖြစ်ရပ်များစွာရှိခဲ့သလို ခေတ်ကာလများ ရွေ့လျားလာသည်နှင့်အမျှ မှေးမှိန်ပျောက် ကွယ်သွား ရသည့် အဖိုးတန်သမိုင်းပုံရိပ် များစွာရှိနေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း၊ ၎င်းတို့ အနက် အချို့က ခိုင်လုံသောအထောက်အထား အားနည်းခြင်း၊ စနစ်တကျ မှတ်တမ်း မတင်နိုင်ခြင်း၊ ယဉ်ကျေးမှုအထောက်အထား အရောအနှောများကြား ပျောက်ဆုံးသွားခဲ့ခြင်းတို့ ရှိခဲ့သလို ရာသီဥတုနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးရခြင်း၊ ထိန်းသိမ်းစောင့်ရှောက် နိုင်စွမ်းအားနည်းသည့်နေရာများတွင် ရောက်ရှိနေခြင်းတို့ကြောင့် မြန်မာ့သမိုင်းမှာ မဖြည့်စွက် နိုင်သေးသောပုံရိပ်များအဖြစ် ပျောက်ကွယ်နေသည်များလည်းရှိခဲ့ကြောင်း၊ ထိုပျောက်ကွယ် နေသော သမိုင်းပုံရိပ်အထောက်အထားများကို ရှာဖွေဖော်ထုတ်၍ ကဏ္ဍအသီးသီးမှာ တိမ်မြုပ် နေသည့် သမိုင်းလစ်ဟာကွက်များ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးများကို မည်ကဲ့သို့ သုတေသနပြု ပုံဖော်တင်ပြကြမည်ဆိုသည်ကို နားထောင်လေ့လာ သုံးသပ်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးလှိုင်ဝင်းမောင်က သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
နံနက်ပိုင်းစာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာ မြင့်သိန်းက “ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး နယ်ခြားမျဉ်းသတ်မှတ်ချက်နှင့် သက်ရောက် မှု”စာတမ်းနှင့် မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဦးနီတွတ်က “အရိမဒ္ဒနပူရ ပုဂံပြည်၊ သစ်မတီရပ် (ဒုတိယအကြိမ် တိုင်းပြည်ပြန်လည်ထူထောင်ခြင်း” စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးပြီး မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှက သဘာပတိအဖြစ်လည်းကောင်း၊ မွန်းလွဲပိုင်း စာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မွန်သီရိစိုးက “အနောက်နိုင်ငံ သံတမန်မှတ်တမ်းများမှတစ်ဆင့် တိမ်မြုပ်နေသော သမိုင်း ပုံရိပ်များအား လေ့လာဆန်းစစ်ခြင်း (၁၇၅၂-၁၈၅၂)”စာတမ်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “စလေဒေသပုရပိုက်များမှတွေ့ရသော တရားစီရင်ရေးဓလေ့” စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက သဘာပတိအဖြစ် လည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့၊ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက “ပုရပိုက်ထဲမှ ရွှေပြည်ရန်အောင်သမိုင်းပုံရိပ်” စာတမ်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာ သမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှက သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများက အကြံပြု မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယနေ့ဖတ်ကြားတင်ပြကြသည့် သုတေသန စာတမ်း ၅ စောင်သည် ယခင်ကမသိသေးသည့် ပျောက်ကွယ်နေသော သမိုင်းပုံရိပ်များကို စူးစမ်းရှာဖွေဖော်ထုတ်ပြီး သမိုင်းအမြင်သစ်များဖြင့် တင်ပြသည့်စာတမ်းများဖြစ်ပြီး ထိုစာတမ်းများ ထဲက သင်ခန်းစာများ၊ အကြံဉာဏ်များ၊ အသိပညာများနှင့် အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်ရန်အတွက် ဗဟုသုတများ တိုးပွားရရှိစေပါကြောင်း ပြောကြားသည်။ ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သဘာပတိများနှင့်စာတမ်းရှင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ် သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာသမိုင်းအဖွဲ့ဝင်ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ စာတမ်းရှင်များ၊ အခြားဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲမှ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများနှင့် ဝန်ထမ်းများက အွန်လိုင်းဖြင့်တက် ရောက်ကြကြောင်း သတင်းရရှိသည်။
![]()