ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားပြတိုက်(နေပြည်တော်)အား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အားလက်ခံတွေ့ဆုံ

နေပြည်တော် မေ ၇

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ      (၇-၅-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်၍ အမျိုးသားပြတိုက် (နေပြည်တော်)၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ အမျိုးသားပြတိုက် တာဝန်ခံညွှန်ကြားရေးမှူးက အဆောင် A ရှိ Mini Theatre တွင်  အမျိုးသားပြတိုက် (နေပြည်တော်)၏ နောက်ခံသမိုင်းကြောင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ ပြသပစ္စည်းများ စုဆောင်းထားရှိမှု၊ ပြခန်းများ ဖွင့်လှစ်ပြသထားရှိမှု၊ အများပြည်သူအား သမိုင်းကြောင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များ ဆောင်ရွက် နေမှုနှင့် ပြတိုက်သို့ ဧည့်သည် ဝင်ရောက်မှု အခြေအနေတို့ကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပြတိုက်ခန်းမများ၊ ပြသပစ္စည်းများ ပြင်ဆင်မှုကို အရှိန်မြှင့်တင်ကာ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်ရန်၊ သီဟာသနပလ္လင်ပြခန်းကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်သွားရန်၊ အဆောက်အဦအတွင်းခြနှင့် ပိုးမွှားအန္တရာယ်များ ကင်းဝေးစေရေး အလေး ထား ဆောင်ရွက်သွားရန်၊ ပြသပစ္စည်းများကို အနုပညာမြောက်စွာ အဆင့်အတန်း မြင့်မြင့် ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန်၊ နိုင်ငံ၏ ဂုဏ်ဒြပ်ကို ထုတ်ဖော်ပြသရန် ပြတိုက်များ၏ အခန်းကဏ္ဍမှာ မြင့်မားသဖြင့် ပြတိုက်သို့ လာရောက်ကြည့်ရှုသူ နိုင်ငံသားများအတွက် ပြတိုက်ရှိ ခင်းကျင်းပြသထားသော ပစ္စည်းများမှတစ်ဆင့် နိုင်ငံချစ်စိတ်များ မွေးမြူသွား နိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံတကာပြတိုက်များတွင် ကြည့်ရှုသူများ စိတ်ဝင်စားမှု တိုးမြှင့်ရန်အတွက် မီဒီယာများ၊ ခေတ်မီနည်းပညာများကို အသုံးပြုပြီး ဆောင်ရွက်လျက်ရှိရာ ပြည်သူများ၊ လာရောက်ကြည့်ရှုသူ ဧည့်သည်များ ပိုမိုဝင်ရောက်လာ စေရန်နှင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို အများပြည်သူ ပိုမိုသိရှိလာကြစေရန် ပြခန်း၁ခုချင်းစီအလိုက် ပြသပစ္စည်းများကို မီဒီယာများမှတစ်ဆင့် တင်ဆက်ပြသနိုင်ရေး ဆောင်ရွက်သွားရန်၊ ကျောင်းသား လူငယ်များမှအစ မြန်မာပြည်သူလူထု အနေဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သိရှိကြစေရန်အတွက် ပရိုင်းမိတ်များ မြန်မာ့မြေပေါ်တွင် စတင်ဖြစ်ပေါ်လာသည်မှစ၍ ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ တိုးတက်ထွန်းကားလာကြောင်းကို ပညာပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာကြစေရေး ဆောင်ရွက်သွားရန်နှင့် အမျိုးသားပြတိုက် (နေပြည်တော်) ကို နေပြည်တော်ကောင်စီနယ်မြေ၏ ခရီးသွားများ လေ့လာလည်ပတ်စရာ နေရာတစ်ခု အဖြစ် ဆောင်ရွက်သွားရန် တို့ကို မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၎င်းစုဆောင်းထားရှိသည့် ဧရာဝတီ ကျောက်လွှာထုမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းအား အမျိုးသားပြတိုက်တွင် ပြသ နိုင်ရေး လှူဒါန်းရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ပြတိုက်တာဝန်ခံတို့မှ လက်ခံရယူခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြတိုက်တွင် ဖွင့်လှစ်ပြသထားသည့် ပြခန်းများကို ကြည့်ရှုခဲ့ပြီး  ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံပိုင်းဆိုင်ရာများ ပြန်လည် ပြုပြင် ထိန်းသိမ်းနေမှုများကို လိုက်လံစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃) ၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့ မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ ကြပါသည်။

            တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊  မြန်မာနိုင်ငံမှ ပုဂံမြို့နှင့် ပါကစ္စတန်နိုင်ငံမှ တက္ကသီလာမြို့ (Taxila) တို့အား ညီအစ်မမြို့တော် (Sister City) အဖြစ် ထူထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ဘာသာရေးအခြေခံ ခရီးသွားလုပ်ငန်းများနှင့် ဘာသာရေးဆိုင်ရာ ခရီးစဉ် များ အပြန်အလှန် စီစဉ်ဆောင်ရွက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းအပြင် အထည်အလိပ် လုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ၊ နှစ်နိုင်ငံ ခရီးသွားပြည်သူများ အပြန်အလှန် သွားလာလည်ပတ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံရှိ ခရီးသွားဆွဲဆောင်ရာ နေရာများကို မီဒီယာများမှတစ်ဆင့် မြှင့်တင်ကြော်ငြာပေးသွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Loading