ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)၊ Mini Theatre ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့  ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံပြတိုက်များ ကော်မတီအဖွဲ့ဝင် ပြတိုက် များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်မှ ပြတိုက်တာဝန်ခံများ၊ ဝန်ကြီးဌာနများမှ ပြတိုက် များနှင့် ပုဂ္ဂလိကပြတိုက် ဖွင်လှစ်မည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြတိုက်များကို အများပြည်သူတို့ လေ့လာသုတေသန ပြုရာနေရာ၊ ဗဟုသုတ ရှာမှီးရာနေရာနှင့် အပန်းဖြေရာ နေရာတစ်ခုအဖြစ် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း၊ ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (ICOM) သည် ယခုနှစ် တွင် နှစ်(၈၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်ပုဒ်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များအနက် ပန်းတိုင် သုံးခုဖြစ်သည့် ပန်းတိုင်(၁၀)၊ (၁၆)နှင့် (၁၇)တို့ကို မျှော်မှန်း၍  Museums Uniting  a Divided World “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ” ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ကွဲပြားမှုများ များပြားလာသည့် ယနေ့ကမ္ဘာတွင် ပြတိုက်များသည် လူသားအားလုံး ကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမှာ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပြတိုက်များက ပါဝင်အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် ပြတိုက်ပညာရှင်များနှင့် ပြတိုက်ဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီသည်  ၁၉၇၇  ခုနှစ်၌  စတင်၍  မေလ (၁၈) ရက်နေ့ကို  “အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့”( International Museum Day )အဖြစ်   သတ်မှတ်ကာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာပြတိုက်များ ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် အပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များတွင် လည်း အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့၌ ပြတိုက်လာ ဧည့်သည်များကို ဝင်ကြေးအခမဲ့ပေးခြင်း၊  အထူးပြပွဲများ ကျင်းပပြုလုပ်ခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းစသဖြင့် ပြုလုပ် လေ့ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။           ယင်းနောက် ပြတိုက်ပညာရှင် ဒေါ်နုမြဇံ ဦးဆောင်၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် တပ်မတော်စစ်သမိုင်းပြတိုက်မှ ဗိုလ်မှူး အောင်ကျော်ဆင့်နှင့်အမျိုးသားပြတိုက်(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးသင်း တို့ပါဝင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းများ၏ ရုံးလုပ်ငန်း စွမ်းဆောင်ရည် စဉ်ဆက်မပြတ် မြင့်မားတိုးတက်လာစေရန်၊ ရုံးလုပ်ငန်းဆိုင်ရာ အခြေခံလုပ်ထုံး လုပ်နည်းများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက် လုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချသည့် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရုံးချုပ်ရှိ ဌာနခွဲ အသီးသီးမှ သင်တန်းသားများက In Person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ရုံးခွဲတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသားများက Hybrid စနစ်ဖြင့်လည်းကောင်း အသီးသီးပါဝင်တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းဘဝသို့ ရောက်ရှိလာသည့်အခါ မိမိတို့ မည်မျှအထိ မြင့်မြင့်မားမား မျှော်မှန်းချက်ထားရှိသည်ဆိုသည်မှာ အရေးကြီးပြီး မြင့်မြင့်မားမားမျှော်မှန်းထားပါက မိမိ၏ အရည်အချင်းကို သူတစ်ပါးထက် သာလွန်အောင် ကြိုးစားအားထုတ်ရန် လိုအပ်ပါကြောင်း၊ မိမိ၏ လေ့လာမှုစွမ်းအားကိုလည်း အမြဲမပြတ် မြှင့်တင်ရန် လိုအပ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လှသော ယနေ့ခေတ်တွင် မိမိ၏ စွမ်းဆောင်ရည် (Ability) ပြည့်စုံနေပါက မည်သည့် နေရာ၊ မည်သည့် အခြေအနေသို့ ရောက်ရှိပါစေ တိမ်ကောပပျောက်မှု ရှိမည်မဟုတ်ပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများသည် ထပ်ဆင့်လေ့လာသင်ယူမှု (Further Studies) များ ပြုလုပ်ရန် လိုအပ် သကဲ့သို့ တစ်သက်တာသင်ယူမှု (Life-long Learning) အလေ့အထကို စဉ်ဆက် မပြတ်သင်ယူမှု (Sustainable Learning) အဖြစ် ပြောင်းလဲကာ အမြဲမပြတ် ဆည်းပူးနေရမည် ဖြစ်ပါကြောင်း။      

          သင်တန်းတက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ လုပ်ငန်းစဉ်၊ မူဝါဒနှင့်စံချိန်စံနှုန်းများကို သိရှိအောင်လေ့လာကြရန်၊ လုပ်ငန်းခွင် အတွေ့အကြုံရှိသည့် အရာရှိကြီးများ၏ သင်ကြားပို့ချချက်များကို အချိန်တိုအတွင်း ရရှိမှာဖြစ် သဖြင့် အာရုံစူးစိုက်လိုက်နာ သင်ယူကြရန်၊ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများကို မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည် အသုံးပြုသွားကြရန်၊ နည်းပညာခေတ်တွင် မိမိကိုယ်ကို ခေတ်နှင့်လျော်ညီသည့် စွမ်းရည်များ ဝမ်းစာပြည့်အောင် ဖြည့်တင်းကာဝန်ကြီးဌာန၏ အရေးပါသော ဝန်ထမ်းကောင်းများအဖြစ် ပါဝင်နိုင်အောင်ကြိုးစား ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။           အဆိုပါ သင်တန်းကို သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၅၈) ဦးဖြင့် သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း  သတင်း ရရှိပါသည်။

Loading